6 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းသရက်ချောင်းမြို့ ၁၇ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံး

သရက်ချောင်းမြို့ ၁၇ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ၁၇ ရက်ကြာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့သည်ဟု သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်တပ်အကြား တိုက်ပွဲများသည် သရက်ချောင်းမြို့က သရက်နှစ်ခွ၊ ပန်းပြင်၊ ပိန်းတော၊ ဥတ္တူ၊ ရန်တောင်ကျေးရွာတို့၌ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်ခဲ့သလို နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက MA-1 သေနတ် ၂ လက်၊ G-3 သေနတ် ၁ လက်၊ RPG ၁ လက်နဲ့ အခြားစစ်သုံးပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့ကြောင်း ပြောပါသည်။

နှစ်ဖက်တပ်အကြား ၁၇ ရက်ကြာ ဖြစ်ပွားခဲ့သည့် သရက်ချောင်းတိုက်ပွဲကြောင့် ကျေးရွာများမှ ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးကြောင်း သိရသည်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5Thanintharyi ၏ အစီရင်ခံစာအရ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် နှစ်ဖက်တိုက်ပွဲများအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာသည်ဟု ပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။