26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသရက်ချောင်းမြို့၊ ကျောက်အိုင်ရွာ ဗုံးကြဲခံရတာကြောင့် ဒေသခံအရပ်သား ၂ ဦးသေဆုံး

သရက်ချောင်းမြို့၊ ကျောက်အိုင်ရွာ ဗုံးကြဲခံရတာကြောင့် ဒေသခံအရပ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်တာကြောင့် ဒေသခံအရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဇွန် ၇ ရက်နေ့ မနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ် ဂျက်ဖိုက်တာလေယာဉ်တစ်စီးက ကျောက်အိုင်ရွာကို ဗုံးနှစ်လုံး၊ မယ်ကဲကျေးရွာကို ဗုံးနှစ်လုံး လာရောက်ကြဲချသွားခြင်း ဖြစ်သည်။

ယင်းသို့ဗုံးကြဲခံရတာကြောင့် ကျောက်အိုင်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးသန်းအောင်နှင့် အသက် ၁၁ နှစ် အရွယ်သားဖြစ်သူတို့ နေရာမှာပင် သေဆုံးခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

အလားတူ ဦးသန်းအောင်၏ဇနီးဖြစ်သူနှင့် ကျန်သားသမီးသုံးဦးလည်း ထိခိုက်ခဲ့ပြီး နေအိမ်နှင့်ကားများလည်း ထိမှန်ပျက်စီးမှူ ရှိခဲ့ကြောင်း ဒေသခံများက ဆက်ပြောသည်။

စစ်ကောင်စီတပ် ဗုံးကြဲချသွားသည့် ကျောက်အိုင်ကျေးရွာတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့လည်း နေထိုင်ခြင်းမရှိဘူးကြောင်း ဒေသခံတို့ပြောပြမှုအရ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး ၎င်းမိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။