သရက်ချောင်းဒေသခံ ၄၀ ကျော် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

0
377
ပုံစာ - စစ်ကောင်စီတပ် ဖမ်းဆီးခြင်းခံရသူတချို့ (photo - Social Media/ ပုံဟောင်း ဖြစ်သည်)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိနှင့် နတ်ဆိပ်ကျေးရွာက အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း ထွက်ပြေး တိမ်းရှောင်နေကြသည့် ဒေသခံများက ပြောသည်။

ဇွန်လ ၉ ရက်က ဝင်းဝရဲစခန်းက ထွက်လာသည့် တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်သည် ကနက်သီရိရွာထဲသို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် နတ်ဆိပ်ရွာကို ထပ်မံဝင်ရောက်ကာ ဒေသခံ ၂၀ နီးပါးကို ထပ်မံဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။

ဖမ်းဆီးထားသော ဒေသခံများကို စစ်ကောင်စီတပ်က နတ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီး စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းထားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ကနက်သီရိရွာကို ဝင်ရောက်ချိန် ဒေသခံ နေအိမ် ၃ လုံး ခန့်ကို မီးရှို့ခဲ့ပြီး၊ နေအိမ် မီးလောင်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတွေထွက် ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ကနက်သီရိနှင့် နတ်ဆိပ်ကျေးရွာက ဒေသခံ ရာနဲ့ချီ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သုတေသန အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ်-ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here