တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုတို့ရှိနေသည်ဟု မြေပြင်တိုက်ပွဲတွင်ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောဆိုသည်။
ဇွန် ၁၁ ရက်နေ့ နံနက် ၇ နာရီလောက်ကစ၍ မင်းဒပ်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းနှင့် ကားလမ်းဘေးနေအိမ်တို့တွင် အင်အား ၇၀ ခန့်ဖြင့်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲသည် နေ့လယ်ပိုင်းအထိ ဆက်လက်ပြင်းထန်ပြီး တိုက်ပွဲအတွင်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ဆိုသည်။
တိုက်ပွဲကြောင့် မင်းဒပ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၃ ရွာခန့်က ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေကြသည်ဟု မြေပြသတင်းရင်းမြစ်များ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရှိ ဝင်းဝနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်းလည်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။