မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ ပုတိမ်ရိုးကျေးရွာတွင် ကားလက်မှတ်ရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းက ကားလက်မှတ်ရောင်းသည့် ကိုမျိုးမင်းဆိုသူကို အမည်မသိသေနတ်သမားတို့က လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကိုမျိုးမင်းသည် နေအိမ်တွင် ဇနီးနှင့်အတူရှိနေစဉ် အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်မှတ်ဝယ်မည်ဆိုပြီး ကိုမျိုးမင်းအိမ်အောက်သို့ ဆင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ဒေသခံတစ်ဦးက “သေနတ်သမားတွေက ကားလက်မှတ်ဝယ်တယ်ဆိုပြီး ခေါ်တော့ အိမ်အောက်ဆင်းလာတဲ့အချိန်မှာ ပစ်ထည့်လိုက်တာ။ ဘာကြောင့် ဒီလိုလုပ်တာလဲတော့ သေချာမသိဘူး” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုမျိုးမင်းသည် ရင်ဘတ်၊ ဦးခေါင်းတို့တွင် သေနတ်ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကိုမျိုးမင်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရှိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့နေ ဦးသန်းနိုင်ဆိုသူကို ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းရှိ မုန့်ဟင်းခါးဆိုင် အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။
သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေး ဆိုသူများအပြင် အရပ်သား ပစ်သတ်ခံရသည့် ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
IMNA ပေးပို့သည်။