ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ မောင်နွဲ့ကြီးကျေးရွာတွင် ယာယီတည်ဆောက်ထားသည့် စစ်ကောင်စီတပ်စခန်းကို အခိုင်အမာထပ်တိုးမဆောက်ရန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဘက်က သတိပေးထားသော်လည်း အခိုင်အမာဆောက်လုပ်ရန် ဆက်ပြင်ဆင်မှုရှိနေသည်ဟု ဒေသခံများက ပြောသည်။
မောင်နွဲ့ကြီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီ၏ယာယီတပ်စခန်းကို အဆင့်မြှင့်၍ အခိုင်အမာတပ်စခန်းသို့ ဆောက်လုပ်ရန် အဆိုပါစခန်းနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြင်ဆင်နေမှုအပေါ် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များက သတိပေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စစ်ကောင်စီဘက်က လက်မခံဘဲ ဆက်လက်ဆောက်လုပ်ရေး ပြင်ဆင်မှုများရှိနေသည်ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူဒေသခံက ဆိုသည်။
ဒေသခံတစ်ဦးက “အဲဒီနေရာက အတည်တကျနေရမယ့်နေရာ မဟုတ်ဘူးလေ။ ယာယီ၊ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) က အခိုင်အမာဆောက်မှာကိုသိတော့ KNU ဘက်က သတိလာပေးထားတာရှိတယ်။ အဲဒါကို နားမထောင်ဘဲနဲ့ သဲသွားကျုံးပြီးတော့ စေတီဆောက်မယ်၊ ဘုရားဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ့်ခံတပ်လို ဆောက်ဖို့လုပ်နေကြတာ” ဟု ပြောသည်။
အဆိုပါတပ်စခန်း ဆက်လက်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မောင်နွဲ့ကြီးရွာ စစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရသည်ဟု ရွာခံများက ပြောဆိုသော်လည်း သီးခြားအတည်ပြုနေဆဲ ဖြစ်သည်။
ထို့အပြင် ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရမှုကြောင့် မောင်နွဲ့ကြီးရွာစစ်ကောင်စီတပ်က ကျေးရွာတာဝန်ရှိသူနှင့် ရွာခံများကို ခြိမ်းခြောက်ပြောဆိုသဖြင့် မောင်နွဲ့ကြီးရွာခံများ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ရှောင်တိမ်းခဲ့ရသော်လည်း လက်ရှိတွင် နေရပ်သို့ပြန်နေထိုင်ကြပြီဟု သံတောင်ကြီးမြို့ခံတချို့က ပြောဆိုသည်။
မြို့ခံတစ်ဦးက “သံတောင်မှာ လာရှောင်နေတဲ့သူတွေကတော့ အိမ်ပြန်ကြပြီ။ စခန်းဆောက်တာလည်း ရွာကြောင့်တော့ မဟုတ်ဘူး။ သူတို့အတွက် လမ်းကြောင်းအဆင်ပြေလို့ နေဖို့လုပ်တဲ့သဘော။ သူတို့ဘက်ကသာ မမှားဘူးဆိုရင်တော့ ဟိုရက်ကခြိမ်းခြောက်ထားသလို ပစ်ရင်လည်းပစ်မှာပဲ ပြောလို့မရဘူး” ဟု ပြောသည်။
မောင်နွဲ့ကြီးရွာ တာဝန်ရှိသူမှတဆင့် စစ်ကောင်စီက ၎င်းတို့သံသယရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များထံသို့ ၎င်းတို့တပ်ဖွဲ့ဝင်တချို့အား ပြန်လွှတ်ပေးရန်၊ ပြန်မလွှတ်ပါက ရွာသို့လက်နက်ကြီးချိန်ရွယ် ပစ်ခတ်မည်ဖြစ်ကြောင်း သတင်းပါးခဲ့ခြင်းကြောင့် ရွာနေလူထုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေအတွင်းရှိပြီး KNU လက်အောက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ဖွဲ့များအပြင် မဟာမိတ်တော်လှန်ရေးအင်အားစုများလည်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် နယ်မြေလည်းဖြစ်သည်။
KIC ပေးပို့သည်။