တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကမ်းနားလမ်း သဲကွင်းအနီး သီတင်းကျွတ်လပြည့်နေ့ အာရုဏ်တက်ချိန် ပွဲကျင်းပရန် အတွက် ဆောက်လုပ်နေသည့် သပိတ်မျှောပွဲ ဖျော်ဖြေရေးမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မဏ္ဍပ်အား စတင်ဆောက်လုပ်စဥ်ကတည်း
က စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် နေ့ရောညပါ လုံခြုံရေးတာဝန်ယူထားသည့်ကြားမှ ပေါက်ကွဲခဲ့ခြင်း
ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီမှ ထားဝယ်မြို့တွင် နှစ်စဥ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့်သီတင်းကျွတ် သပိတ်မျှောပွဲအပြင် ကိုဗစ် ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် သုံးနှစ်တာ ရပ်နားထားသည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည် ပူဇော်ပွဲကိုလည်း ညဘက်လှည့်လည်မည့်အစား နေ့ဘက်ပြောင်းလဲကာ ပြန်လည် ကျင်းပရန် စီစဥ်နေခြင်း ဖြစ်သည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်နှင့်ရဲများ အင်အားအများအပြား
နှင့် ရောက်ရှိလာပြီး အနီးဝန်းကျင် နေထိုင်သူများအား မေးမြန်းစစ်ဆေးနေသည်ကို မြင်တွေ့ရသည်ဟု သဲကွင်းအနီး ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဂျိမ်း ဆိုပြီး အသံအကျယ်ကြီးတချက် ကြားလိုက်ရတယ်၊ အိမ်နဲ့နီးတော့ မြေကြီးပါတုန်သွားတယ်၊ လူထိခိုက်တာ ပျက်စီးတာတွေတော့ ဘာမှ မကြားရဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်ကလည်း သပိတ်မျှောပွဲ ကျင်းပရန်အတွက် စစ်ကောင်စီမှ ဆောက်လုပ်ထားသည့် ဖျော်ဖြေရေး မဏ္ဍပ်ကို ပွဲတော်ကျင်းပရန် တစ်ရက်အလိုတွင် ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ( Guerrilla Dawei ) က မိုင်းဖြင့် ဖောက်ခွဲခဲ့ဖူးသည်။
ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထားဝယ် – ပကဖ) ကလည်း သီတင်းကျွတ်ကာလတွင် စစ်ကောင်စီ မှ ကျင်းပရန် စီစဥ်နေသည့် သပိတ်မျှောပွဲ အပါအဝင် အခြားပွဲလမ်းသဘင်များကို ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ကြဖို့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်ထားသည်။
ထို့အပြင် ပွဲတော်များ ကျင်းပနေစဥ် ကာလအတွင်း စစ်ကောင်စီနှင့် ပတ်သက်သည့် အဆောက်အအုံ၊ မော်တော်
ယာဉ်နှင့် စစ်ကောင်စီ တပ်သားများအနီး သွားလာခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NMG ပေးပို့သည်။