သျှမ်းပြည်၊ မိုင်းရှူးမြို့နယ်တွင် တရုတ်ဘက်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့က ကား ၅ စီးဖြင့် တရုတ်အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လာရောက်ရှာဖွေခဲ့သည်ဟု မိုင်းရှူးဒေသခံများက ပြောသည်။
“တရုတ်စစ်သားလား၊ ‘ဝ’ စစ်သားလား သေချာမသိရဘူး။ ကား ၅ စီးလောက်နဲ့ လာပြီး ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် ၂ ယောက်ကို လာရှာတယ်လို့ပြောတယ်။ သူတို့လာရှာတာ ဟိုင်းပါရေတံခွန်ဘက်အထိ ရောက်တယ်။ ဖမ်းမိလား မဖမ်းမိလားတော့ မသိဘူး” ဟု မိုင်းရှူးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မိုင်းရှူးမြို့နယ်အထိ လာရောက်ရှာဖွေခံရသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်နိုင်ငံမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် ၁ သိန်းမှ ၅ သိန်း အထိ ဆုကြေးပေးမည်ဟုလည်း ကြေညာထားသည်။
“ဝ”တပ်ဖွဲ့ UWSA ကလည်း တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းတို့၏ အရာရှိ ၂ ဦးကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့နှစ်ဦးကို အောက်တိုဘာ ၁၈ ရက်နေ့က ထပ်မံဖမ်းဝရမ်းထုတ်ခဲ့သည်။
စစ်ကောင်စီက ကိုးကန့်ဒေသမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်က လွှဲပြောင်း ပေးခဲ့ပြီးနောက် “ဝ”တပ်ဖွဲ့ကလည်း ၎င်းတို့၏ အရာရှိဟောင်း ၂ ဦးကို ဖမ်းဝရမ်းကြေညာပြီး မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် ကြော်ငြာများကပ်ထားကြောင်း ဒေသခံများက ပြောသည်။
သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကလည်း နှစ်ချုပ်အစည်းအဝေး ကျင်းပပြီးနောက် အွန်လိုင်းငွေလိမ်သည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။