ဝိုင်းမော်၊ ဝူယာန်ရွာ နံနက်စျေးမြေနေရာကိုလုယူပြီး ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က တပ်စခန်းတိုးချဲ့ဆောက်နေ

0
193
ပုံစာ - လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာ၌ ဦးရွှေမင်းဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့တွေက ပြည်သူပိုင် နံနက်စျေးမြေနေရာပေါ်တွင် ပြည်သူ့စစ်တပ်စခန်းကို ထပ်မံတိုးချဲ့ဆောက်လုပ်နေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြသည်။

ဝူယာန်ကျေးရွာအတွင်း ယခင်ပြည်သူ့စစ်တပ်စခန်းရှိသည့် ကားလမ်းမကြီး၏ မျက်နှာချင်းဆိုင်ထောင့် ဧကဝက်လောက်ရှိသော မြေနေရာပေါ်၌ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းလောက်ကစ၍ ဘန်ကာကတုတ်ကျင်း တူးဖော်တာ၊ ခြံစည်းရိုးကာတာနှင့် အဆောက်အဦးများ ဆောက်လုပ်နေတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က ပြောဆိုသည်။

“ဝါးလုံးတွေဆွဲပြီး ခြံစည်းရိုးကာတာတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်။ ကတုတ်ကျင်းက တဆင့်ပြီးတဆင့် အထပ်ထပ်လုပ်နေတာ တွေ့ရတယ်။ တူးတာကလည်း တော်တော်နက်တယ်။ အခုက စခန်းပါဆောက်ဖို့ လုပ်နေကြပြီ။ အခုလို လုပ်လာတာက မကြာသေးဘူး။ နှစ်ကုန်ပိုင်းလောက်မှာပဲ သိသိသာသာ လုပ်လာကြတယ်Ó လို့ ၎င်းက ပြောသည်။

ဝူယာန်ပြည်သူ့စစ် ယခင်တပ်စခန်းနေရာသည်လည်း နံနက်စျေးနှင့် အုပ်ချုပ်ရေးရုံးနှင့်ကပ်လျက် ညှာဘက်ခြမ်းမှာရှိပြီး စစ်တပ်အာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ်လောက်တွင် ယင်းနေရာကို အတင်းအဓမ္မသိမ်းယူပြီး တပ်စခန်းဆောက်လုပ်လိုက်တာကြောင့် ဒေသခံပြည်သူများက ကန့်ကွက်မှုများ ရှိခဲ့သည်။

အခုလို ပြည်သူပိုင်မြေနေရာပေါ်တွင် တပ်စခန်းအသစ်ဆောက်လုပ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများကို တစုံတရာ အသိပေးပြောဆိုတာ မရှိသလို ပြည်သူများအနေဖြင့်လည်း ကန့်ကွက်တိုင်ကြားဖို့ ခက်ခဲနေတယ်လို့ အဆိုပါဝူယာန်ဒေသခံက ဆက်ပြောသည်။

“ပြည်သူတွေက ဘာပြောရမှန်းတောင် မသိတော့ဘူးဖြစ်နေတယ်။ ပြောရင်တောင် တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘူး ဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေတောင် တိတ်ဆိတ်နေကြတယ်။ ဒီအတိုင်း ဆောက်လုပ် နေတာကို ထိုင်ကြည့်နေကြတာပေါ့လေ။ အခုလို တပ်ပြန်ချဲ့လာတာက ဘယ်ပြည်သူမှ ကြိုက်မှာတော့ မဟုတ်ဘူးÓ လို့ ၎င်းက ဆိုသည်။

လက်ရှိ၌ ပြည်သူ့စစ်ဆောက်လုပ်နေသော မြေနေရာသည် ဒေသခံပြည်သူများ နံနက်ဈေး ပြန်လည်တိုးချဲ့ဖို့ လျာထားသည့် မြေနေရာဖြစ်ပြီး ဒေသခံပြည်သူတွေကို တစုံတရာ အသိပေးပြောဆိုတာမျိုးမရှိဘဲ အတင်းအဓမ္မ လုယူလိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြသည်။

ဝူယာန်ကျေးရွာ၌ လီဆူပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တပ်စခန်းကို ပြန်လည်ဆောက်လုပ်ပြီး အခိုင်အမာ လုပ်ဆောင်နေတာက စစ်အင်အားတိုးချဲ့ဖို့နှင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး တင်းကြပ်လာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပါသည်။

ဒေသခံပြည်သူတွေက ကျေးရွာအတွင်း လီဆူပြည်သူစစ်တပ်စခန်း ပြန်လည်ဆောက်လုပ်နေတာကြောင့် ကျေးရွာအတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း လီဆူပြည်သူ့စစ်အဖွဲ့တွေက ကျေးရွာအတွင်း ဒေသခံပြည်သူတွေ ကန့်ကွက်နေသည့်ကြားမှ ပြည်သူ့စစ်တပ်ခန်း တပ်ချလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဆောက်လုပ်ပြီး ၄ ရက်အကြာမှာ လာရောက်ပစ်ခတ်မှုရှိခဲ့ကြောင်း ဒေသခံတို့၏ပြောဆိုမှုအရ သိရသည်။

ဝိုင်းမော်ဒေသတွင် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနှင့် ပြည်သူ့စစ် မလုပ်မနေရ စစ်မှုထမ်းဆောင်ရမယ်လို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာ တရားဝင် အသိပေးလိုက်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ တပ်သားစုဆောင်းတာတွေ၊ ပြည်သူ့စစ်လုပ်ဖို့ ငြင်းဆိုတဲ့သူတွေကို မိသားစုပါမကျန် လိုက်လံ ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here