လွိုင်ကော် အကျဉ်းထောင်တွင် ရိက္ခာပြတ်နေဟုဆို

0
331

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်အကျဥ်းထောင်ထဲရှိ အကျဥ်းသားများအား စစ်ကောင်စီဘက်မှ ရိက္ခာ မထောက်ပံ့နိုင်တော့သဖြင့် ဆန်ကြမ်းနှင့် ငါးပိသာ ကျွေးနေသည်ဟု ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA တာဝန်ရှိသူများက ပြောသည်။

လွိုင်ကော်မြို့ အကျဉ်းထောင်တွင်း၌ အကျဉ်းသားများအားလုံးကို ဆန်ကြမ်းနှင့် ငါးပိကိုသာ နေ့စဉ်ရက်ဆက် ကျွေးနေသည့်အပြင် အကျဉ်းသားများအား နှစ်လနီးပါးကြာ အခန်းထဲပိတ်လှောင်ထားသည်ဟုလည်း KPPA က ဆိုသည်။

KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “သူတို့အခြေအနေကတော့ တော်တော်ကြီးဆိုးဝါးနေတဲ့ အခြေအနေမျိုး ဖြစ်နေပြီပေါ့နော်။ ဆေးဝါးရိက္ခာ ပြတ်လပ်မှုတွေက သုံးလလောက်ဝင်လာပြီ ဖြစ်တဲ့အတွက် သူတို့အတွက် တော်တော်ကြီး ဆိုးဝါးလိမ့်မယ်ဗျ” ဟု ပြောသည်။

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ယနေ့အချိန်ထိ အပြင်ထွက်ခွင့်မပေးဘဲ အခန်းထဲတွင် ပိတ်လှောင်ထားသည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် အကျဉ်းသားများမှာ ကိုယ်လက်အင်္ဂါများ ချိနဲ့ခြင်းကဲ့သို့သော ကျန်းမာရေးထိခိုက်မှုများ ဖြစ်နေသလို ဆက်လက်၍ ပိတ်လှောင်ထားမည်ဆိုပါက အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေများမှာ ပိုမိုဆိုးရွားလာနိုင်သည်ဟု KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက ဆက်ပြောပါသည်။

လွိုင်ကော်အကျဥ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိခင်က ကျန်းမာရေးအရ ငါးပိစား၍မရသော သူမ၏သားအတွက် စိတ်ပူနေသည်ဟုလည်း အခုလို ပြောသည်။

“တအားယားတယ် ပြောတယ်။ ဒါပေမယ့် စားရမှာပဲလေ။ သူ ဘာသွားစားတော့မလဲ။ အေးလေ အဲ့ဒါပဲ စားရ မှာပဲလေ။ သွားကျွေးချင်လိုက်တာ ဘယ်လို သွားကျွေးရမလဲ မသိတော့ပါဘူး။ စိတ်ပူတယ်လေ။ သနားတယ် သူတို့ကို” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲအခြေအနေကြောင့် ထောင်ဝင်စာ တွေ့ခွင့်မပြုသည့်အပြင် အကျဉ်းထောင်အတွင်း စိုက်ပျိုးရေးလည်း လုပ်ကိုင်ခွင့် မရတော့သည့် အခြေအနေ ဖြစ်နေတာကြောင့် အကျဉ်းသားများ၏ စားသောက်ရေးအပြင် ကျန်းမာရေးအတွက်ပါ အထူးစိုးရိမ်နေကြသည်။

ကိုထားဖိုးက “ထောင်ဝင်စာကလည်း မဖွင့်ဘူး။ ဒါကလည်း တချက်၊ နောက်တချက်က အခုအခြေနေမှာ တောင်ယာစိုက်ခင်း လုပ်ဖို့အတွက်ကလည်း လုပ်ခွင့်မရတော့ဘူးပေါ့နော်။ အကျဥ်းသားအားလုံးကို အခန်းထဲမှာပဲ ပိတ်ထားမယ့် အခြေအနေ ဖြစ်တယ်ဆိုတော့ စားနပ်ရိက္ခာရဖို့ အဲ့ဒီတစ်နည်းကလည်း ပိတ်သွားပြီဆိုတော့ အခြေအနေတွေ တအားဆိုးဝါးလိမ့်မယ်” ဟု ပြောသည်။

အလားတူ လွိုင်ကော်အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာလည်း လုံလောက်မှု မရှိသည့်အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ဖူးပြီးသောကြောင့် တစ်လေးလုံးစစ်ဆင်ရေး ဖြစ်ပွားပြီးနောက် အခြေအနေမှာ ပိုဆိုးရွားနိုင်သည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“ဆေးဝါးကလည်း ပုံမှန်အခြေအနေမှာလည်း မရရှိခဲ့ဘူး။ လုံလောက်စွာ မရရှိခဲ့ဘူး။ ထိရောက်တဲ့ ကုသမှုလည်း မရရှိခဲ့ဘူး။ အဲ့အတွက် သူတို့ရဲ့ ကျန်းမာရေး အခြေအနေကလည်း အရမ်းဆိုးဝါးလိမ့်မယ်ဗျ” ဟု ၎င်းက ဆိုသည်။

လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၂ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၆၅ ဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးခဲ့ရာ လက်ရှိတွင် အကျဉ်းထောင် အတွင်း၌ အကျဉ်းသား ၄၀၀ ကျော်ခန့် ကျန်ရှိနေသည်ဟု KPPA က ဆိုသည်။

၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သော တစ်လေးလုံးစစ်ဆင်ရေး လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားလျှက်ရှိသည့်အပြင် အကျဥ်းထောင် အနီးတဝိုက်ကို တော်လှန်ရေး တပ်ပေါင်းစုများက ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here