လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခု၊ ရိက္ခာမရရှိတဲ့အတွက်ချေးငှားပြီးစားသောက်နေကြရ

0
253
ပုံစာ - လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှ စစ်ရှောင်တချို့။

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် စစ်ရှောင်တွေဟာ ချေးငှားပြီး စားသောက်နေရတယ်လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တောင်ယာမရှိတဲ့ အိမ်ထောင်စုတွေပေါ့။ အဲ့ဒါတွေကျတော့ တော်တော်များများကတော့ ဒီကနေ သွားတယ်။ main (အဓိက) ဂိုဒေါင်ကနေပဲ ပေးတာပေါ့နော။ ဒါပေမဲ့ လုံးဝမပေးနိုင်တဲ့ လတွေအများကြီး ရှိတယ်။ အဲ့လိုဆိုရင် သူတို့ရဲ့နီးစပ်ရာ လူတွေက ပေးနိုင်သလောက်လေး ကူညီကြတယ်။ အကယ်၍ ဘယ်သူမှ မပေးနိုင်ဘူးဆိုရင် ချေးငှား စားရတာရှိတယ်။ အဆင်ပြေလို့ ပြန်ပေးနိုင်တဲ့အခါဆိုရင် ပြန်ဆပ်ရတာတို့ အဲ့လိုရှိတယ်” လို့ အဆိုပါ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူက ပြောပါသည်။

၂၀၂၃ ခုနှစ်အတွင်း အဆိုပါဒေသဘက်ကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင် မရောက်ရှိ နိုင်တော့ဘဲ ဒေသတွင်း လူမှုအသင်းအဖွဲ့တချို့က တခါတရံမှသာ ထောက်ပံ့ကူညီပေးနိုင်တယ်လို့ ဆိုသည်။

တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ စစ်ရှောင်တွေ အများစုရှိနေပေမဲ့ လူဦးရေရဲ့ ၄ ပုံ ၁ ပုံ ဟာ တောင်ယာ မရှိတာကြောင့် အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာကိုသာ မှီခိုအားထားနေရတယ်လို့ စစ်ရှောင်များထံက သိရသည်။

စစ်ရှောင်တွေရဲ့ ပြောဆိုမှုအရ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့ အချိန်မှသာ ချေးငှားထားတဲ့ဆန်ကို ပြန်လည် ဆပ်ပေးနိုင်တာ ဖြစ်ပြီး အလှူရှင်မရှိပါက ဆွေမျိုးတွေထံ အကူအညီတောင်းရတယ်လို့ ပြောဆိုသည်။

“အိမ်ထောင်စု လေးပုံတစ်ပုံလောက်ကျတော့ တောင်ယာမရှိတဲ့ အိမ်ထောင်စုတွေ ဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒီအိမ်ထောင်စုတွေက ဦးစားပေးရမယ့် အိမ်ထောင်စုထဲမှာ အမြဲတမ်း ထည့်ထားတယ်။ ဆန်နည်းနည်းပါးပါး ရတာရှိမယ်၊ ဆန်အိတ် ၂၀၊ ၃၀ လိုမျိုး ဆိုရင် တောင်ယာမရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးဖြစ်တယ်ပေါ့” လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒါ့အပြင် ဆေးဝါးလိုအပ်ချက်နဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေအတွက် စာရေးကိရိယာနဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေဆဲဖြစ်ကြောင်းနှင့် အဲ့ဒီစစ်ရှောင်စခန်း၌ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ရွာပေါင်း ၃၀ ကျော်က လူဦးရေ ၄၀၀၀ ကျော် နေထိုင်ကြတယ်လို့ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ် မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ကရင်နီ စစ်ရှောင်ဦးရေ ၂ သိန်း ကျော် ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင် ထောက်ပံ့ ပေးနိုင်မှု အားနည်းလာတာကြောင့် စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်တာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here