ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဟု လွိုင်ကော်ဒေသခံများ ပြန်လည်နေထိုင်ရာ စစ်ကောင်စီဘက်က ပြောဆိုဖိတ်ခေါ်နေပေမယ့် အချိန်မရွေးတိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည့်အတွက် ပြန်မနေထိုင်ရဲသေးကြောင်း လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်များက ပြောသည်။
လွိုင်ကော်မြို့တွင် ပုံမှန်အခြေအနေအတိုင်း ပြန်တည်ငြိမ်အေးချမ်းနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရားများ ပြန်လည်ပတ်ရန် ကြိုးစားနေပေမယ့် လူထုဝန်ဆောင်မှုရယူရန် ခက်ခဲနေဆဲဖြစ်သည်ဟု လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“ဆေးရုံတော့ ဖွင့်တော့ဖွင့်နေပြီ။ ဒါပေမယ့် ဆေးဝါးတွေကတော့ မစုံဘူးလေ။ ဆရာဝန်တွေလည်း မစုံသေးတဲ့ အခါကြတော့ အခက်အခဲတော့ ရှိတာပေါ့။ အရေးကြီးအပိုင်းတွေ ရှိမယ်ဆိုရင်တော့ စစ်ဆေးရုံက လက်ခံကုပေး တယ်။ လုံးဝ အဆင်မပြေဘူးဆိုရင်တေ့ တခြားနေရာကို လွဲတာပေါ့။ အောင်ပန်းတို့ တောင်ကြီးတို့ အဲဒီလိုမျိုးတွေ သွားတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
မြို့ပေါ်ရပ်ကွက်များဖြစ်သည့် နာနတ်တောရပ်ကွက်၊ နောင်ယား (က) ရပ်ကွက်၊ ထေးဌားလျားရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဥ်ကျေးမှုပြတိုက်၊ စက်မှုလက်မှု သိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ်အဆင့်ဝန်ကြီးဌာနရုံးများ၊ အရေးကြီးအဆောက်အအုံ၊ လွိုင်ကော်လေဆိပ်၊ လွိုင်ကော်တက္ကသိုလ် စသည့် နေရာတွေကို နယ်မြေသန့်ရှင်းရေး လုပ်ပြီးသွားပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်က ထိုသို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေပေမယ့် ပြန်လည်မနေထိုင်ရဲသေးဘူးဟု လွိုင်ကော်မြို့ကနေ ရှမ်းပြည်ဘက်ကို စစ်ရှောင်သွားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“လုံးဝ ငြိမ်သွားတော့မှပဲ ပြန်တော့မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူကလုပ်လိုက် ကိုယ်ကပြေးလိုက်နဲ့ဆိုရင် ဒီမနက် (ဇူလိုင် ၄ ရက်) သူတို့ ဖြစ်တဲ့နေရာတွေဆိုရင် လူထုတွေရှိတဲ့ နေရာပေါ့နော။ တကယ်လူများတွေ လုပ်စားနေတဲ့ နေရာပေါ့နော။ အဲဒီလိုမျိုးခါကြတော့ အဆင်မပြေတော့ဘူးပေါ့နော” ဟု အဆိုပါစစ်ရှောင် အမျိုးသမီးက ပြောသည်။
လွိုင်ကော်မြို့တွင် အုပ်ချုပ်ရေးယန္တာရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများကို ပြန်လည်နေထိုင်ရန် ပြီးခဲ့သည့်လကတည်း ခေါ်ဆောင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က လွိုင်ကော်မြို့ထဲ ပြန်ဝင်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်း ၅၅၁ ဦးကို ထောက်ပံ့ငွေ ပေးအပ်မှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီပိုင်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း တိုက်ပွဲမဖြစ်ပွားသည်မှာ ၁ လကျော်ကြာပြီ ဖြစ်သော လွိုင်ကော်မြို့ အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် နေရပ်ပြန်ကြသည့် လွိုင်ကော်ဒေသခံတချို့သည် မြို့တွင်းက ရပ်ကွက်များ၌ ပြောင်းရွေ့နေထိုင်တာမျိုး ပြုလုပ်နေကြောင်း သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။