ကရင်နီပြည် (ကယား) လွိုင်ကော်မြို့ရှိ အထင်ကရစေတီဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) မှာရှိတဲ့ စေတီအချို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဒေသခံများနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။
“တောင်ကွဲစေတီ ပတ်ချာလည်မှာ ကျနော်တို့ရဲဘော်တွေ၊ လူထုတွေက မြို့တွင်းဝင်နိုင်တဲ့အပေါ်မှာ ဓါတ်ပုံရိုက်တဲ့ဟာတွေပေါ့နော၊ အဲ့ဒါကြောင့်မလို့လည်း တောင်ကွဲစေတီကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပေါ်မှာ ဘုရားတွေတချို့ ပျက်စီးသွားတာ ဖြစ်ပါတယ်။ ကျနော်တို့တွေကတော့ တောင်ကွဲစေတီမှာ တပ်စွဲထားတာ မရှိပါဘူးဗျာ” လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောသည်။
လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တောင်ကွဲစေတီ အပါအဝင် စစ်ရှောင်တွေရှိနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း လက်နက်ကျည် ထိမှန်တာတွေ ရှိတာကြောင့် ပြည်သူတချို့ ထိခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။
“တောင်ကွဲစေတီရှေ့ လွတ်လပ်ရေး ကျောက်တိုင်နား စျေးဆိုင်ခန်းမှာ ရှောင်နေတဲ့ ဦးလေးကြီး ထိတယ်၊ ထိခိုက်ဒါဏ်ရာ ပြင်းတယ်” လို့ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာလည်း လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး (တောင်ဈေး)ကို လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ပြာကျခဲ့ရတာက စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ရပ် ဖြစ်တယ်လို့လည်း (KNDF) ဥက္ကဌ ခွန်းဘီထူးက အခုလိုပြောသည်။
“လွိုင်ကော် တောင်ဈေးမီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ စုံစမ်းပါတယ်။ ကျနော်တို့ တပ်ဖွဲ့တွေကတော့ လွိုင်ကော်ဈေး အနီးဝန်းကျင်မှာ မရှိဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ လက်နက်ကြီး ပစ်တာမျိုးပေါ့နော။ ကျနော်တို့ ထင်တာကတော့ ကမ္ဘောဇဘဏ်အပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေပြီးတော့ ပစ်ကွင်းကိုရှင်းတဲ့ သဘောမျိုးနဲ့ ဒီနေအိမ်တွေကို မီးလောင်သွားစေတဲ့ဟာမျိုးလို့ ယူဆရပါတယ်။ ဒါကြောင့်မလို့ ဒီလွိုင်ကော်ဈေး မီးလောင်ရတဲ့အကြောင်းရင်းတွေက ကျနော်တို့ဘက်မှာ တိုက်ပွဲဖော်တာတွေ၊ ဈေးထဲမှာ ရှိနေတာတွေ၊ သွားလာတဲ့ဟာမျိုးတွေ မလုပ်ပါဘူး။ အဲ့ဒါက စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ရပ်ပဲ ဖြစ်ပါတယ်” လို့ ခွန်းဘီထူးက ဆိုသည်။
၁၁.၁၁ စစ်ဆင်ရေး ဆင်နွှဲနေသည့် လွိုင်ကော်မြို့တွင်းမှာ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေ ရှိနေပြီး ထိခိုက်ပျက်စီးတာတွေ များပြားနေတယ်လို့ ဒေသခံများက ပြောသည်။
“ကုန်ပြီလေ၊ နောင်ယား ဘုရားကျောင်း ၊ တောင်ကွဲ၊ နောင်ယားစျေး၊ တောင်စျေး မြောက်စျေး အားလုံး ထိထားမှတော့ ဘာကျန်တော့မှာလို့” ဟု လွိုင်ကော်စစ်ရှောင်တစ်ဦးက ပြောပါသည်။
လွိုင်ကော်မြို့ရှိ နောင်ယား ဘုရားကျောင်းအပြင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိမှန်ပျက်စီးမှုတွေ ရှိနေပြီး လက်နက်ကြီးစထိမှန်ခဲ့တဲ့ တောင်ကွဲစေတီမှာလည်း သံဃာတော်တွေနဲ့ စစ်ရှောင်အနည်းငယ် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရပါသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။