စစ်ကောင်စီထိန်းချုပ်ထားသည့် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ယခင်တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် ရပ်ကွက်များ၌ မြေမြုပ်မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေပြီး နေအိမ်ပြန်လာသည့် အရပ်သားများ ထိခိုက်မှုရှိနေကြောင်း သိရှိရသည်။
စစ်ကောင်စီက နေအိမ်ကို ပြန်လည်ကြည့်ရှုခွင့်ပြုထားသည့် ရပ်ကွက်များဖြစ်သည့် မင်းစု၊ ဒေါဥခူ၊ နောင်ယား၊ နာနတ်တော၊ ဝန်ထမ်းများ နေထိုင်သည့်တန်းလျားနှင့် အစိုးရရုံး အအောက်အအုံအနီး မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဖြစ်နေတာတော့ နေ့တိုင်းလိုလိုပဲ။ ထိလိုက်ရင်လည်း ပြည်သူတွေပဲများတယ်။ လိုင်းပေါ်လည်း တင်လို့မရနေတာ။ တစ်ရက်တစ်ရက် ဒီလိုလမ်းကြောင်းတွေကို ကူညီပေးနေရတယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတချို့ပြောဆိုချက်အရ ဒေသခံနေအိမ်ပိုင်ရှင်များသည် မိမိနေအိမ်ဝန်းအတွင်း မိုင်းရှင်းလင်းပေးရန် စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာတပ် (GE) တပ်ဖွဲ့ဝင်တို့ကို ငွေကြေးပေးခဲ့ရသော်လည်း ရှင်းလင်းစဉ် ကျန်ရစ်ခဲ့တာကြောင့် မိုင်းပေါက်ကွဲမှုဖြစ်နိုင်သည်ဟု ဆိုသည်။
လတ်တလောတွင် မိုင်းနင်းမိမှု အများစုရှိနေသည့် ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စသည့် ရပ်ကွက်များတွင် နေအိမ်ပြန်ကြည့်ခြင်းတို့ မလုပ်ဆောင်သေးစေလိုသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“သူတို့ (စစ်ကောင်စီ) ထောင်တဲ့မိုင်းကို သူတို့ပြန်မရှင်းနိုင်ကြဘူး။ ပိုက်ဆံပေးပြီး ရှင်းခိုင်းတဲ့အိမ်တွေမှာလည်း ကွဲတာရှိတာပဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဒီရပ်ကွက်တွေက (ဒေါဥခူ၊ နာနတ်တော၊ နောင်ယား) မပြန်ကြည့်သေးတာ ပိုကောင်းပါတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် ရပ်ကွက်များအတွင်းရှိ နေအိမ်များကို စစ်ကောင်စီက ပြန်လည်ကြည့်ရှုခွင့်ပြုပြီးနောက်ပိုင်း ယခုလို မိုင်းနင်းမိပြီး ထိခိုက်သူများ ရှိနေသည်ဟုဆိုသည်။
မိုင်းကြောင့်ထိခိုက်မိသူများသည် မှိုနှုတ်သူ၊ အသီးအရွက်ခူးသူ၊ နေအိမ်ဖောက်ထွင်းသူများ၊ နေအိမ်ကို ပြန်လည်ကြည့်ရှုသူများနှင့် အိမ်ရှင်ကိုယ်စား သွားရောက်ကြည့်ရှုပေးသူများ အများဆုံးဖြစ်သည်ဟု သိရသည်။
တဖက်တွင်လည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ကြသည့်ပြည်သူများကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းကောက်ယူမှုရှိနေသည်ဟု အမည်မဖော်လိုသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက လွိုင်ကော်မြို့ရှိ ရွှေတောင်၊ နောင်ယား၊ မိုင်းလုံး၊ မင်းစု၊ ဈေးပိုင်း၊ ရှမ်းပိုင်း စသည့် ရပ်ကွက်များတွင် ပြန်လည်နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။
ယခုဇွန်လအတွင်း မိုင်းကြောင့် ထိခိုက်မိသည့် အရပ်သားပြည်သူ ၅ ဦးထက်မနည်းရှိနေသည်ဟု ဒေသခံတို့ ပြောပြချက်အရ သိရှိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။