လွိုင်ကော်မြို့အတွင်း စစ်ကောင်စီအဖွဲ့ တင့်ကား၊ စစ်ကား၊ ရဲကားများဖြင့် လှည့်ပတ်လှုပ်ရှား

0
574
ပုံစာ - ၂၀၂၁ ခုနှစ်က လွိုင်ကော်မြို့အတွင်း မြင်တွေ့ခဲ့ရတဲ့ စစ်ကောင်စီတင့်ကား

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရှိ နမ့်ဘော်ဝမ်ရပ်ကွက်၊ ကြည်သာယာရပ်ကွက်၊ ဗဟိုဈေး၊ လွိုင်ကော်မြို့တွင်း စသည့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကောင်စီအဖွဲ့ရဲ့တင့်ကား၊ စစ်ကား၊ ရဲကား ၅ စီး ထက်မနည်း အလုံပိတ်ပြီး ဇွန်လ ၁၅ ရက် မနက်ပိုင်းက လှည့်ပတ်နေတယ်လို့ လွိုင်ကော်မြို့ခံများက ပြောသည်။

“အရင်က အဲ့လို မပတ်ဘူးလေ။ တင့်ကားတွေအပြင် ကားတန်းက ၅ စီး ထက်မနည်းလောက်ဘူး။ အလုံကားတွေနဲ့လေ ရဲ ကားတွေလည်း အဲ့လိုပဲ။ စစ်ကားတွေကတော့ လက (လွိုင်ကော်) ဧက ၅၀၀ ဖက်လောက် ကနေ မြို့ထဲကို ပတ်ပုံရတယ်။ ရဲကားကတော့ နောင်ယား ကန်လမ်းနား ပတ်နေတာ ကားထဲ လူအင်အားပါတယ်။ ရဲကား စစ်ကားတော့ လုံနေတော့ မတွေ့ရဘူး။ အရင်က စစ်ကားတွေ ပတ်တာမျိုး ရှိဖူးပေမယ့် ခုလိုတော့မဟုတ်ဘူး။ ခုက ဟို… မိုင်းလုံးစစ်ပွဲ ပြီးကာစကလို ပတ်နေတာ။ သူတို့ လမ်းကြောင်းတစ်ခုထဲ သွားကြတာတော့ မဟုတ်ဘူး” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က မြို့တွင်းလှုပ်ရှားမှုတွေ ရှိနေပေမယ့် အခုလို ပုံစံမျိုး တွေ့မြင်ရလေ့ မရှိဘူးလို့ မြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလ အတွင်းက မြို့တွင်းရပ်ကွက်ဖြစ်သည့် မိုင်းလုံးတကျောတွင် တိုက်ပွဲ ပြင်းထန်ခဲ့ချိန်က အခုလိုပုံစံမျိုး လှည့်ပတ်လှုပ်ရှားတာ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းတွင် မတွေ့မြင် ရတော့ပဲ ဇွန်လ ၁၅ ရက်က ပြန်လည်လှည့်ပတ် လှုပ်ရှားနေတယ်လို့ မြို့ခံမျက်မြင်များက ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ် တစ်ခုတည်းကိုသာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်ခြင်း ဖြစ်ပြီး ကျန်မြို့နယ်များနှင့် ကျေးရွာဒေသများတွင် တိုက်ပွဲများ ဖြစ်ပွား နေသောကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။

ယင်းအခြေအနေများကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တာရား ထိန်းချုပ်လို့ရနိုင်သည့် လွိုင်ကော် မြို့တွင်း၌သာ အင်အားလှည့်လည်ပြ ခြိမ်းခြောက်ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ် ပြောသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here