လွိုင်ကော်ထောင်မှ လွတ်လာသူများရှိနိုင်သော်လည်း တိုက်ပွဲများကြောင့်အဆက်အသွယ်ပြတ်နေ

0
313

လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်လာသူများရှိနိုင်ပြီး တိုက်ပွဲအခြေအနေများကြောင့် ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ၏ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်၌ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်မှလည်း လွတ်မြောက်လာသူများ ရှိနိုင်ပြီး မြေပြင်အခြေအနေများကြောင့် ဆက်သွယ်ရ ခက်ခဲနေသည်ဟု နီးစပ်သူများက ပြောသည်။

ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ပြန်ကြားရေးတာဝန်ခံ ကိုဇင်လင်းထက်က “အခုက ဒီထောင်ပတ်ဝန်းကျင်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒီထောင်သားတွေကို အပြင်ကို ပြန်မလွှတ်နိုင်သေးတဲ့ အတိုင်းအတာမှာတော့ မြင်နေရတယ်ပေါ့နော်။ ဆိုတော့ အဲ့လိုအခြေအနေက ကျနော်တို့ ကြုံဖူးသမျှဆိုလို့ရှိရင် ဥပမာ အကျဉ်းသားတစ်ယောက်လွတ်တယ်၊ သို့ပေမယ့် သွားလာရခက်ခဲတဲ့အတွက် ထောင်ထဲမှာ တစ်ရက် နှစ်ရက် ပြန်ထားရတဲ့ပုံစံတွေ ရှိတယ်လေနော်” ဟု ပြောသည်။

ယခင် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးချိန်ကလည်း တစ်နိုင်ငံလုံးနီးပါးရှိ အကျဉ်းထောင်အသီးသီးမှ လူဦးရေ ၆,၀၀၀ နီးပါးခန့် လွတ်မြောက်တိုင်း လွိုင်ကော်အကျဉ်းထောင်မှ ၁၀ ဦးခန့်သာ ပါလေ့ရှိသည်ဟု ဆိုသည်။

သို့သော် လွတ်ငြိမ်းသည့်အထဲတွင် လွတ်ရက်နီးသည့် နိုင်ငံရေးအကျဉ်းသား ဆယ်ပုံတစ်ပုံခန့်သာ ပါဝင်ပြီး အများစုမှာ သူခိုး၊ ဓါးပြ၊ ရဲပြေး၊ စစ်ပြေးများ ဖြစ်သည်ဟု ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် လွိုင်ကော်ထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍ အဆက်အသွယ်ပြတ်နေပြီး ထောင်ဝင်စာပင် တွေ့ခွင့်မရသောကြောင့် လွတ်မြောက်လာနိုင်သူများ၏ အခြေအနေကို စုံစမ်းနေဆဲ ဖြစ်သည်ဟု တာဝန်ခံကိုဇင်လင်းထက်က ဆက်ပြောသည်။

“အဆက်အသွယ်တော့ လုံးဝ ပြတ်နေတယ်။ အခုကတော့ နည်းနည်းလေးငြိမ်သွားတဲ့ အတိုင်းအတာတော့ ရှိတယ်။ ဒါပေမယ့် ဒီရှေ့အပတ်မှာဆိုရင် မီးလောင်မှုတွေ တိုက်ပွဲဖြစ်တာတွေရှိတော့ တော်ရုံလူများ ထောင်နားကို သွားမှာ မဟုတ်ဘူးပေါ့နော်။ ထောင်ဝင်စာ ကိစ္စကတော့ လုံးဝမဖြစ်နိုင်သေးတဲ့ အခြေအနေပါ။” ဟု ၎င်းက ဆိုသည်။

လက်ရှိ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းသား ၅၀၀ ခန့် ရှိပြီး နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) အနေဖြင့် အယောက် ၁၄၀ ခန့် ရှိနေသည်ဟု KPPA က ပြောသည်။

မြေပြင်စစ်ရေး အခြေအနေများကြောင့် နိုင်ကျဉ်းများနှင့်သာမကဘဲ အခြားပြစ်မှုအမျိုးမျိုးဖြင့် ကျခံနေရသည့် အကျဉ်းသားများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု KPPA က ဆိုသည်။

လက်ရှိ မြန်မာတစ်နိုင်လုံးတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်မှုဖြင့် အာဏာရှင်ကို တော်လှန်နေကြပြီး မကြာမီ အချိန်အတွင်း အရေးတော်ပုံ အောင်မြင်တော့မည် ဖြစ်သောကြောင့် ကျန်ရှိနေသည့် နိုင်ကျဉ်း ၁၄၀ အနေဖြင့် အားတင်းထားကြရန်နှင့် နိုင်ကျဉ်းမိသားစုများလည်း စိတ်ဓါတ်မကျကြဖို့ KPPA က တိုက်တွန်းထား သည်။

လတ်တလောတွင် KPPA အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အရေးကိစ္စများအပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ပူးပေါင်း၍ လစ်လပ်နေသည့် အုပ်ချုပ်ရေးကဏ္ဍများတွင် ကူညီဆောင်ရွက်နေ သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here