လွိုင်ကော်တွင် စစ်ကောင်စီက အခြေခံစစ်သင်တန်းဖွင့်သည်ဆိုသည်မှာ မဖြစ်နိုင်ဟု ကရင်နီတပ်ဖွဲ့များပြောဆို

0
158

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီက အခြေခံ စစ်ပညာသင်တန်း ဖွင့်လှစ်ခဲ့သည်ဆိုသည့်မှာ ဖြစ်နိုင်ချေမရှိဟု ကရင်နီတော်လှန်ရေးတပ်များနှင့် ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ပြည်သူ့စစ် (ဌာနေ) အခြေခံစစ်ပညာသင်တန်း အပါတ်စဉ် (၂) ဖွင့်လှစ်ခဲ့သည် ဟု ဧပြီလ ၁ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပြန့်နှံ့ လာခဲ့သည်။

ထိုသို့ပြန့်နှံ့လာသည့်အပေါ် နယ်မြေစိုးမိုးမှုအရ လွိုင်ကော်မြို့အား ကရင်နီတော်လှန်ရေးတပ်များက ဝန်းရံပိတ်ဆို့ထားသောကြောင့် ဖြစ်နိုင်ချေမရှိဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“လွိုင်ကော်မှာက သူတို့ အဲ့သင်တန်းလုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးနော်။ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့နယ်မြေစိုးမိုးမှုက အားလုံးကို ကျနော်တို့ဝိုင်းထားပြီပေါ့နော်” ၎င်းက ဆိုသည်။

အဆိုပါသင်တန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ဦးစီးကျင်းပခြင်းဖြစ်ပြီး တက်ရောက်ခဲ့သည့် သင်တန်းသားဦးရေနှင့် မည်သည့်ဒေသမှ လာပြီးတက်ရောက်ကြသည်ကို ဖော်ပြထားခြင်း မတွေ့ရပေ။

စစ်ကောင်စီ၏ ပြည်သူ့စစ် (ဌာနေ) အခြေခံ စစ်ပညာသင်တန်းဖွင့်ပွဲတွင် စစ်ကောင်စီ၏ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု အနည်းအကျဉ်းသာရှိတော့ပြီး သင်တန်းသား စုဆောင်းရန် မဖြစ်နိုင်သောကြောင့် ယခုဖြစ်စဉ်မှာ ဝါဒဖြန့်မှုသာ ဖြစ်နိုင်သည်ဟု KNDF တာဝန်ရှိသူက ပြောဆိုသည်။

“အခုဆို စစ်သားတွေရဲ့ဧရိယာက ဒကစရှိမယ်၊ ထောင်ရှိမယ်။ ပြီးတော့ ကမ္ဘာလုံးတပ် (လွယ်တမူ)၊ ၅၄ တပ် အဲ့ဒါပဲ ရှိမယ်။ အဲ့ဒါ သူတို့သင်တန်းသား ခေါ်စုတာတော့ မဖြစ်နိုင်ဘူးနော်။ အဲ့ဒါသူတို့ ပုံတင်ထားတဲ့ဟာတော့ လူနည်းနည်းလေးပဲ လုပ်တာလေနော်။ အဲ့ဒါကိုမှ သူတို့ လူဟောင်းတွေကိုပဲ လုပ်တာပဲနေမယ်။ ပြီးတော့ သူတို့ ဆိုက်ဝါးထည့်တာပဲနေမယ်” ၎င်းက ပြောသည်။

လက်ရှိ၌လွိုင်ကော်မြို့အတွင်း ကရင်နီကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လွတ်လပ်စွာပင် သွားလာ၍ မရသည့်အပြင် နယ်မြေအနေအထားအရ တော်လှန်ရေးတပ်များက ပိုမိုစိုးမိုးထားသောကြောင့် အခြေခံပညာစစ်သင်တန်း ဖွင့်လှစ်ခဲ့သည်ဟု ပြန့်နှံ့နေသည့်အပေါ် ပုံစံပြသဘောအနေဖြင့်သာ ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က “ဒီလိုအချိန်မှာက လူစုဖို့လည်း မလွယ်သလို ဒီတနေရာကနေ တနေရာ မြို့တွင်းတရပ်ကွက်နဲ့ တရပ်ကွက်ကိုလည်း သွားလာကူးလူး ဆက်ဆံဖို့လည်း မလွယ်တဲ့ အခြေအနေမျိုးလည်း ဖြစ်တယ်ပေါ့နော်။ နောက် ဒီတော်လှန်ရေး အင်အားစုကလည်း မြို့ကို အတိုင်းတာတခုအထိ စိုးမိုးထားနိုင်တဲ့ အခြေနေရှိတော့ ဖြစ်နိုင်ချေနည်းတယ်လို့ပဲ သုံးသပ်ချင်တယ် ပေါ့နော်” ဟု ပြောသည်။

အလားတူ လက်ရှိတွင် ကရင်နီတစ်ပြည်နယ်လုံး အတိုင်းတာအနေဖြင့် ကရင်နီပြည်သူအများစုမှာ စစ်ဘေး တိမ်းရှောင်နေရခြင်းနှင့် စစ်မှုထမ်းဆောင်လိုခြင်း မရှိကြသောကြောင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ သည်လည်း ၎င်းတို့ပြည်နယ်အတွင်း သက်ရောက်မှုမရှိနိုင်ဟု ကရင်နီတပ်မတော် KA တာဝန်ရှိသူက ပြောသည်။

ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ကရင်နီပြည်ပေါ်မှာတော့ သက်ရောက်မှုရှိတယ်၊ မရှိဘူး ဆိုတာကတော့ ကျနော်တို့နယ်မြေမှာက စစ်ရှောင်တွေ ရှိနေသေးတယ်လေနော်။ နောက်ပြီးတော့မှ စစ်မှုထမ်း ဥပဒေက ဘယ်သူမှမလုပ်နိုင်ဘူး ထင်တယ်။ လုပ်လည်းမလုပ်ဘူးတော့ အဲ့လိုမျိုးတော့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

ကရင်နီပြည်တွင် ကရင်နီတော်လှန်ရေးတပ်များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနှင့် မြို့ပေါင်း ၇ မြို့ကို ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here