ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်လမ်းသွယ်များကို အသုံးပြုသွားလာခြင်းမလုပ်ကြရန် ကရင်နီအမျိုးသားများကွယ်ရေးတပ် (KNDF) က အသိပေးပြောဆိုသည်။
လွိုင်ကော်မြို့ ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်ရှိ ကျေးရွာ၊ ရပ်ကွက်များသို့ ဝင်ထွက်သွားလာခြင်းမပြုလုပ်ရန်၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်လည်သယ်ယူခြင်းများ မလုပ်ကြရန်နှင့် လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးအပြင် ၎င်းနှင့် ဆက်စပ်နေသည့် လမ်းသွယ်များအား အသုံးမပြုကြရန် KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးက ဩဂုတ်လ ၇ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “အမှန်ကတော့ သူတို့ စစ်မြေပြင်ကို ပြန်မလာ ကောင်းဘူးလေ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးနှင့် ကျေးရွာ၊ ရပ်ကွက်များတွင်း၌ ယခုရက်ပိုင်းအတွင်း တားဆီးစစ်ဆေး မေးမြန်းခြင်းမပြုဘဲ ဖြတ်သန်းသွားလာသည့် အရပ်သားများအား ပစ်ခတ်မှုများကြောင့် အကြောင်းမဲ့သေဆုံးမှုများ ရှိနေသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးက ပြောဆိုသည်။
ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်များသည် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားပြီး ယခုလက်ရှိ စစ်ရေးလှုပ်ရှားမှုများ ဆက်လုပ်ဆောင်နေသည်ဟု ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောသည်။
“ကျနော်တို့က တိုးလာတော့ မရှိဘူး။ လျှော့တာလည်း မရှိဘူးပေါ့။ အရင်တိုင်းပဲ ကျနော်တို့ ထိန်းထားနိုင်တာ ပေါ့နော။ ကျန်တာက လွိုင်ကော်မြို့နဲ့ သူတို့တပ်ရင်း ဌာနချုပ်ရှိတဲ့နေရာပဲ ကျန်တယ်လေ။ ကျန်တဲ့နေရာ အားလုံးက ကျနော်တို့ ထိန်းထားနိုင်တယ်လို့ အတည်ပြုလို့ ရပါတယ်။ လောလောဆယ်တော့ လွိုင်ကော်မှာ သူတို့ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းကတော့ တချို့ရှိတယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့ပေါ်က မိုင်းလုံး၊ နမ့်ဘော်ဝမ်၊ ရွာတန်းရှည်၊ ထူဒူးငံသ၊ စိုက်ကွင်း (၃)၊ ဒေါဆန်းဘွန်းနှင့် ပန်ကန်း ရပ်ကွက်များတွင် ဇူလိုင်လမှစတင်၍ ယနေ့ချိန်ထိ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဆိုသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးပဋိပက္ခများ ရှိနေသည့်လမ်းများကို အသုံးမပြုရန်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့ပေါ်က ရပ်ကွက်များတွင် ပြန်လည်နေထိုင်ခြင်းများ မလုပ်ကြရန် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်များက အသိပေးပြောဆိုထားခြင်းဖြစ်သည်။
NMG ပေးပို့သည်။