“၇၃” နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ရန် ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ကို ရောက်ရှိနေသော ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရှိသည့်နေရာကို ရှော့တိုက်ဒုံးနှင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
BWM ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နှင့် (Anti-Coup People’s Liberation Force – ACPLF) တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့အဖွဲ့တွေ ပစ်ပြီးပြီးချင်း သူတို့ဘက်က ချက်ချင်းလက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ရမ်းသန်းပြန်ပစ်ပါတယ်။ အဲဒီနောက် နယ်မြေတဝိုက်မှာလည်း ဒရုန်းတွေ၊ လေယာဥ်တွေ လက်နက်ကြီးတွေနဲ့ ပတ်ပြီး ပစ်နေခဲ့ပါတယ်” ဟု BWM အဖွဲ့ တာဝန်ရှိက ပြောသည်။
ညစာစားပွဲကျင်းပနေတဲ့ ပြည်နယ်ခန်းမအတွင်းကို ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး တချိန်တည်းမှာပင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် – ဒကစ (လွိုင်ကော်) အတွင်းကိုလည်း ပစ်ခတ်ခဲ့သလို ထိုညအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ခဲ့ရာ၌ ၆ လုံးကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်ဟု ဇန်နဝါရီ ၁၅ ရက်နေ့တွင် BWM က ထုတ်ပြန်ခဲ့သည်။
လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးက ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းက လွိုင်ကော်မြို့ပေါ်၌ နှစ်ဖက်ပစ်ခတ်သံကို ကြားရပြီး ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ဒေသခံများ ထိခိုက်မှုကိုမကြားရကြောင်း အခုလိုပြောဆိုသည်။
“တော်လှန်ရေးဘက်က လာပစ်တော့ စစ်ကောင်စီတွေကလည်း လွိုင်ကော်ကနေ ပြန်လှမ်းပစ်တာတဲ့။ လောလောဆယ်တော့ လွိုင်ကော်မှာက ပြည်သူဘက်က ထိခိုက်မှုရှိတာတော့ မကြားမိသေးဘူး၊” ဟု အဆိုပါလွိုင်ကော်မြို့ခံအမျိုးသားက ပြောသည်။
ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျရောက်သည့် “၇၃” နှစ်မြောက် ကယားပြည်နယ်နေ့မတိုင်ခင် ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်း၌လည်း လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်တွင် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ပစ်ခတ်တာ ၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိပေမယ့် အခြေအနေအသေးစိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။