ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ရထားသည့် ရိုဟင်ဂျာ အယောက် ၃၇၀ ဦးကို လွတ်ငြိမ်းခွင့်ရပြီး တစ်လကျော်အကြာတွင် နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
ရိုဟင်ဂျာ ၃၇၀ ဦးသည် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က လွှတ်ငြိမ်းခွင့် ရရှိခဲ့သော်လည်း ပြန်လည်ပို့ဆောင် ရမည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့်စစ်ရေး အခြေအနေများကြောင့် စက်တင်ဘာလ တတိယပတ်အတွင်းမှသာ နေရပ်ကို ပြန်ပို့နိုင်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လွတ်ငြိမ်းခွင့်ရပေမယ် ပြန်ပို့ပေးဖို့ အထက်အမိန့်က ပါမလာတော့ တစ်လကျော်လောက် ဆက်ထိန်းသိမ်း ထားရတယ်။ အထက်က အဆင်သင့် မဖြစ်တာလည်းပါတယ်။ ကားနဲ့ ကုန်းလမ်းကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောကို ပြန်ပို့တာပါ” ဟု အကျဉ်းဦးစီးဌာနမှ အဆိုပါတာဝန်ရှိသူကပြောသည်။
လွတ်ငြိမ်းခွင့်ရ ရိုဟင်ဂျာဦးရေ ၃၇၀ ဦးကို အမျိုးသားများအတွက် ကုန်ကား ၄ စီး၊ အမျိုးသမီးများအား ကုန်ကား ၂ စီးဖြင့် တင်ဆောင်ပြီး စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် လဝကတို့က လုံခြုံရေးကား ၂ စီးဖြင့် ကြီးကြပ်၍ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယခု နေရပ်သို့ပြန်ပို့လိုက်သော ရိုဟင်ဂျာများသည် ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများကြပြီး စစ်ကောင်စီ၏ သက်ဆိုင်ရာတရားရုံးများမှ လဝက မှတ်ပုံတင် ဥပဒေပုဒ်မ ၆၃ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသူများဖြစ်သည်ဟု ဧရာဝတီ-မြန်မာ မွတ်စလင်မ်ကွန်ရက်က ပြောဆိုသည်။
ကွန်ရက်အဖွဲ့ဝင်တစ်ဦးက “သူတို့က ဒီနိုင်ငံမှာမွေးတဲ့ ဒီနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတဲ့ သူတွေပါ။ ရခိုင်ပြည်နယ်မှာ မအေးချမ်းဘူး၊ စားဝတ်နေရေးခက်ခဲလို့ အလုပ်အကိုင်အတွက် လာကြတာကို ဖမ်းပြီး ထောင်ချပစ်ကြတာ” ဟု ပြောသည်။
နေရပ်သို့ ပြန်ပို့ခံရသော ရိုဟင်ဂျာများက ရခိုင်ပြည်နယ်နှင့် ရေလမ်း၊ ကုန်လမ်း ထိစပ်နေသော ပုသိမ်ခရိုင် သာပေါင်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ ၊ ရေကြည်၊ ငသိုင်းချောင်းမြိုနယ်တို့ဘက်မှ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာကြသူများဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှ အပြစ်ဒဏ်ကျခံနေရသည့် ထောင်ကျအကျဥ်းသား အယောက် ၅၀၀ ဦးအား စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ရိုဟင်ဂျာ အယောက် ၃၇၀ နှင့်အတူ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ပါ၀င်ခဲ့ကြောင်း သိရသည်။
NMG ပေးပို့သည်။