လောင်းလုံးလဝကရုံး၌တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

0
181
Photo - LLPDF

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ဧပြီ ၈ ရက် နေ့လည် ၁၂ နာရီခန့်က အင်အား ၁၀ ဦး ဝန်းကျင်နှင့် လဝကရုံး၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နာရီဝက်ကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သလို ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုပါသည်။

အဆိုပါတိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ လောင်းလုံး ( ပကဖ) ကင်းမြှီးကောက် ပြောက်ကျားတပ်စုနှင့် ဓူဝံကြယ်တပ်ဖွဲ့၊ Modern Punk အဖွဲ့၊ Student Revolutionary Force တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ် ရှိ မြို့နယ်ခန်းမအနီးတွင် စစ်ကောင်စီကား ၁ စီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here