လောင်းလုံးမြို့မရဲစခန်း အပါအဝင်ဌာနဆိုင်ရာ ရုံး ၃ ရုံး တစ်ပြိုင်နက် တိုက်ခိုက်ခံရ

0
267

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံး ၃ ရုံးကို မေ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

မေ (၂၃) ရက် နေ့လည် ၁၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ မြို့မရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးရုံး (စရဖ) တို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လဝကရုံးတိုက်ခိုက်မှုတွင် အရာရှိတစ်ဦးသေဆုံးပြီး ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသော်လည်း သံလွင်တိုင်းမ်အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ယင်းအပြင် မြို့မရဲစခန်းနှင့် စရဖရုံးတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါသည်။

ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောင်းလုံးမြို့အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်နေသလို လုံခြုံရေးအထူး တင်းကျပ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို လက်ရှိအချိန်အထိ ထုတ်ပြန်တာ မရှိသေးကြောင်း သိရပါသည်။

လောင်းလုံးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရဲကင်းစခန်း၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ မကြာခဏတိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here