တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု မြို့ခံများက ပြောဆိုသည်။
လောင်းလုံးမြို့ပေါ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အကောက်အခွန်ရုံးနှင့် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် မွန်းလွဲ ၃ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရကြောင်း မြို့ခံများက ပြောပါသည်။
နှစ်ဖက်တိုက်ပွဲကြောင့် မြို့ခံပြည်သူအများစု မြို့တွင်းပိတ်မိနေပြီး မြို့ခံပြည်သူတချို့မှာ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
လောင်းလုံးမြို့ပေါ် တိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း လက်ရှိအချိန်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။
အာဏာသိမ်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်သို့ ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖော်ဆောင်ထားခြင်းလည်း ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။