2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလောင်းလုံးမြို့နယ် ကရင်ကြီးရွာကို စစ်ကောင်စီတပ် မီးရှို့

လောင်းလုံးမြို့နယ် ကရင်ကြီးရွာကို စစ်ကောင်စီတပ် မီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာကို မတ် ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကတည်းက ကရင်ကြီးကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အဲဒီနေ့ မနက်ပိုင်းမှာ မီးရှို့သွားခဲ့တာပါ။

စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ကနဦးမှာဒေသခံ နေအိမ် ၅ ထက်မနည်း မီးလောင်ပျက်စီးထားပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ကရင်ကြီးကျေးရွာဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကျေးရွာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ လက်ရှိမှာတော့ ကရင်ကြီး၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ မောင်းမကန်လမ်းပိုင်းတချို့မှာ ဆက်ရှိနေပြီး စစ်ကြောင်းထိုးမယ့် အခြေအနေမှာ ရှိနေတယ်လို့ လောင်းလုံး PDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်ကြီး၊ သဘော့ဆိပ်၊ ကျောက်ဆင်နဲ့ ပြင်ကြီးကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးထဲမှာ ဒေသခံနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။