တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူများအနေနှင့် စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွက် ကာကွယ်ရေးအစီအမံများ ကြိုတင်ပြုလုပ်ထားကြရန် လောင်းလုံးမြို့နယ် ပကဖနှင့် ပအဖအဖွဲ့များက အထူးသတိပေးချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ရန် အကာအကွယ်နှင့် လုံခြုံသော နေရာအစီအမံများ၊ ဗုံးခိုကျင်းနှင့် အနီးဆုံးနေရာတို့တွင် နေထိုင်ကြရန် ဒီဇင်ဘာ ၂၃ ရက်နေ့က ထိုသို့အထူးသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်နှင့် တိုက်လေယာဉ်တို့ တောက်လျှောက်ပျံဝဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကျောက်နီမော်တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ကင်းထောက်ပျံသန်းမှု တောက်လျှောက်ပြုလုပ်နေသည့်အပြင် ထားဝယ်မြို့ဘက်ကနေ လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာနှင့် အထူးသတိပေးချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
လောင်းလုံးဒေသခံတစ်ဦးက ကျောက်နီမော်ကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များကြား နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်ပွားနေတာကြောင့် ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်စသည့် ကျေးရွာတို့ကဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြောဆိုသည်။
လေကြောင်းသတိပေးချက်ကို ဖော်ပြပေးနေသည့် Enemy Air Route Channel နှင့် WINTESS ENEMY AIR SCIUT တယ်လီဂရမ်ချန်နယ်တို့တွင်လည်း မြိတ်လေတပ်မှ ဂျက်ဖိုက်တာတစ်စီးနှင့် Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျံတက်သွားတာကြောင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် လေကြောင်းအန္တရာယ် ရှိကြောင်း သတိပေးထားသည်ကို တွေ့ရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။