လောင်းလုံးတွင် ၁ လအတွင်း နေရပ်စွန့်ခွာပြေးရသူ ၁ သောင်းကျော်ထိရှိလာ

0
330

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် တစ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံပြည်သူ ၁ သောင်းကျော် ရှိပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အတွင်းရှိ ညင်းမော်ရွာသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ က စတင်၍ ဝင်ရောက်လာသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာခန့်မှ ဒေသခံ ၁၂၀၀၀ ကျော် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အဆိုပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

“အကြမ်းဖက်သတ်ဖြတ်တာတွေ ပြည်သူနေအိမ်တွေ မီးရှို့တာတွေ၊ အိမ်ဖောက်ပြီး ပြည်သူပိုင်အဖိုးတန် ရွှေ၊ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူတာအပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေကို လုပ်ဆောင်လာတာ ၁ လလောက် ရှိနေပြီ။ ဒါတွေက နှစ်လတစ်ခါ သုံးလတစ်ခါလောက်ကို ဖြစ်နေတာ။ အရင်ကလည်း ဒီလိုပဲ မီးခဏခဏ လာရှို့တယ်။ လမ်းပြဖို့ ဖမ်းတဲ့လူလည်း သတ်ခံရတယ်” ဟု လောင်းလုံး ပအဖတာဝန်ခံက ဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း လောင်းလုံးမြို့ ညောပြင်ရွာသို့ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာပြီး ရွာကို မီးရှို့ခဲ့တာကြောင့် ရွာထက်ဝက်ခန့် (နေအိမ် တစ်ရာကျော်) မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

တစ်လအတွင်း စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ညောပြင်ရွာမှ နေအိမ် ၁၀၀ ခန့်၊ လေးသွန်ခံရွာမှ နေအိမ် ၁၉ လုံး၊ စစ်ပြဲရွာမှ နေအိမ် ၉ လုံး၊ ဟင်းချိုတောရွာမှ နေအိမ် ၅ လုံး၊ သကျက်တောရွာမှ နေအိမ် ၃ လုံး၊ သံလျင်ရွာမှ ၃ လုံး၊ ပိန္နဲတော၊ ကြက်ယက်တွင်းနှင့် သပြေရှောင်ရွာမှ နေအိမ် ၁ လုံးစီ မီးလောင်ခဲ့ကြောင်း ပအဖထံမှ သိရသည်။

ယင်း စစ်ကောင်စီစစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါဝင်ပြီး စစ်ကြောင်းထိုးရာ ကျေးရွာများမှ ဒေသခံနေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ ယူဆောင်နေကြောင်း ဒေသတွင်းအဖွဲ့များက ပြောဆိုသော်လည်း အဆိုပါ နေအိမ်ဖောက်ထွင်းမှုများနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါ။

လောင်းလုံးမြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ရပ်ကျေး ပအဖအဖွဲ့များ၊ ပြည်သူများ၊ နိုင်ငံတကာရောက် မြို့နယ်သူ၊ နယ်သားများ၏ အကူအညီဖြင့် စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ ကျန်းမာရေးကိစ္စရပ်များကို အကူအညီပေးထားကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here