တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၁ ဦးနှင့် PDF ရဲဘော် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဒေသခံများက ပြောသည်။
အဆိုပါတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံအရပ်သား ၁ ဦးနှင့် PDF ရဲဘော် ၁ ဦးကို ကရင်ကြီးကျေးရွာအနီးတွင် သေနတ်နှင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်က ပစ်သတ်သွားသူများ၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သေဆုံးသွားသည့် PDF သည် ၎င်းတို့၏ တပ်ဖွဲ့ဝင် မဟုတ်ဘဲ ဒေသခံသာဖြစ်နိုင်ကြောင်း ပြောဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၉ ရက်နေ့က ပြင်ကြီးကျေးရွာနေ ဒေသခံများဖြစ်သည့် အသက် ၅၀ အရွယ် ဒေါ်နုသန်းနှင့် အသက် ၂၀ အရွယ် မောင်အောင်သာထက်တို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကရင်ကြီးကျေးရွာ တိုက်ပွဲအတွင်း ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကရင်ကြီးနဲ့ ကမ်းပနီကျေးရွာရှိ ဒေသခံနေအိမ် ၅ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် သဘောဆိပ်၊ ကရင်ကြီး၊ ကမ်းပနီ၊ ပြင်ကြီးရွာများက ဒေသခံပြည်သူများ အနေနှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။