လောင်းလုံးတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

0
129
Photo - CJ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အဆိုပါလမ်းတလျှောက်ရှိ မင်းရပ်၊ သဲပုံ၊ သာယာကုန်း၊ သဗျာ၊ ပန္နဲလဲနှင့် အင်းဇောက်စသည့် ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ရှောင်ဒေသခံများသည် လက်ရှိတွင် လောင်းလုံးမြို့ပေါ်နှင့် ဘေးလွတ်ရာနေရာကို အရေးပေါ် တိမ်းရှောင်လာရတာကြောင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သောရက်ပိုင်းက ဖြစ်ပွားခဲ့သည့် သဗျာကျေးရွာ တိုက်ပွဲအတွင်း အထိနာ ခဲ့သည့်အတွက် အင်အားဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ကြောင်း စစ်ရှောင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က သဗျာကျေးရွာထဲ စစ်ကြောင်းဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ဗုံးခိုးကျင်းထဲကထွက်လာသည့် သဗျာကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မသက်ထားစံ (ခေါ်) ဝိုင်းဝိုင်းလေးသည် စစ်ကောင်စီတပ်၏ အကြောင်းမဲ့သေနတ်နှင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ ဇွန် ၁၂ ရက်နေ့ထုတ် အစီရင်ခံစာအရ နှစ်ဖက် တပ်ကြား တိုက်ပွဲများပြန်လည်ပြင်းထန်လာသည့် တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသော စစ်ဘေးဒုက္ခသည် ၆ သောင်းနီးပါးအထိ ရှိလာနေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here