တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နာခံတောကျေးရွာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည်ပိုင်း၌ နာခံတောကျေးရွာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနှင့် သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နခံတော၊ ခမောင်းတောင်၊ တောင်မင်းပြောင်၊ မဲအုံ နောက်၊ ထိန်တွင်း၊ စခန်းကြီးကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀၀ ခန့်ဟာ ဘေးလွတ်ရာ နေရာများသို့ အသက်လု ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၁၂ ရက်နေ့ က စပြီး လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နာခံတောကျေးရွာ တောင်ပေါ်တွင် တပ်စွဲနေထိုင်ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ခမောင်းတောင်ရွာက အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်း က စပြီး စစ်ကောင်စီတပ်က ကျေးရွာများထဲသို့ စစ်ကြောင်းထိုး ဝင်လာနေတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အကြား နှစ်ဘက်စစ်ရေးတင်းမာ နေကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်း နှစ်ဘက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထု ၂၅,၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။