
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခမောင်းတောင်ကျေးရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းကစပြီး နာခံတော ကျေးရွာမှတဆင့် ခမောင်းတောင်ကျေးရွာကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဒေသခံရွာသားများက ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခမောင်းတောင်ကျေးရွာက အသက် ၁၆ နှစ် အရွယ် မယဉ်မာနွေး ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၅ နှစ် အရွယ် မောင်နိုင်လွင် ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် နခံတောနှင့် ခမောင်းတောင် ကျေးရွာများမှ ဒေသခံ ၁၀၀၀ နီးပါး ဘေးလွတ်ရာနေရာများသို့ အသက်လု ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်တွင် ခမောင်းတောင်ကျေးရွာထဲမှာ အထိုင်ချပြီး နေအိမ်များကို ဝင်ရောက် မွှေနှောက်ပြီး ရွှေငွေနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားမှုများ ရှိနေကြောင်းနှင့် ကျေးရွာတွင်းရှိ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံရွာသားများ၏ ပြောဆိုမှုများအရ သိရသည်။
ပြီးခဲ့သည့် မတ်၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၅၀ခန့်နှင့် စစ်ကြောင်းထိုးပြီး နေအိမ် ၁၅၀ နီးပါးကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သံလွင်တိုင်းမ် ပေးပို့သည်။