
တနင်္သာရီတိုင်း၊ လောင်းလုံမြို့တွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့ဖြစ်သည့် ဗထူးနေ့အခမ်းအနားကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ဇွန်လ ၂ ရက်က ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဗထူးပန်းခြံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံကို အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့သော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများကို အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများ ပေးပို့လာသော သဝဏ်လွှာ ဖတ်ကြားမှုများအပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဝင်ရောက်ချိန်ကစပြီး မိဘ၊ ဇနီး၊ သားသမီးတွေနှင့် တစ်ခါမှ တွေ့ခွင့်မရဘဲ ဗမာပြည်လွတ်လပ်ရေးအတွက် မနားမနေ ကြိုးပမ်းရင်း ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်တွင် ကျဆုံးသွားခဲ့သည့် ထားဝယ်တိုင်းရင်းသားတစ်ဦး ဖြစ်သည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကျင်းပသည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားတွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့သည့် ဇွန်လ ၂ ရက်ကို ဗထူးနေ့အဖြစ် သတ်မှတ်ကြောင်း မော်ကွန်းထိုးကြေညာခဲ့သည်။
သံလွင်တိုင်းမ် – ပေးပို့သည်။