လေယာဉ်ပျံဝဲမှုကြောင့် ကရင်နီစာသင်ကျောင်းများ ပိတ်ထားရ

0
148
ပုံစာ - ကရင်နီစစ်ရှောင်စခန်းတစ်ခုမှ စာသင်ခန်း။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏လေယာဉ်များ ဆက်တိုက်ပျံဝဲလျှက်ရှိရာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်မည်ကို စိုးရိမ်ရသောကြောင့် အခြေခံ စာသင်ကျောင်းများ ပိတ်ထားရသည်ဟု စစ်ရှောင်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ စာသင်ကျောင်းများနှင့် စစ်ရှောင်စခန်း များကိုပါ ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် စာသင်ကြားနေသည့် ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ လေယာဉ်ပျံဝဲမှုများကြောင့် ကျောင်းတိုင်းတွင် ကလေးငယ်များမှာ စာသင်ချိန် ပုံမှန်မရှိဘဲ လေယာဉ်သံကြားလျှင် ကျောင်းဆင်းပေးကြရသည်ဟု စစ်ရှောင်များနှင့် စာသင်ကျောင်းများကို ကူညီပေးနေသော ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက်က ပြောဆိုသည်။

“လေယာဉ်ကတော့ ဖြတ်သွားဖြတ်လာပဲ။ အခုရက်ပိုင်းတော့ လေယာဉ်သံကြားလို့ လေယာဉ်လာလို့ရှင် ကျောင်းပိတ်ပေးရတာတော့ ရှိတယ်။ ဒါကတော့ ကျောင်းတိုင်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လေယာဉ်သံ ကြားလို့ရှိရင် ကလေးသူငယ်တွေအတွက် အသက်ကအရေးကြီးတယ်နော်။ သူတို့ အထိခိုက်မခံရအောင် လေယာဉ်သံကြားတာနဲ့ ကျောင်းတန်း ပြန်ဆင်းတာတွေ ရှိပါတယ်နော်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။

ကျောင်းသားမိဘများကလည်း လေကြောင်းအန္တရာယ်ကြောင့် မိမိတို့ကလေးများ၏ လုံခြုံရေး၊ အသက်ဘေး အန္တရာယ်ကို စိုးရိမ်ပူပန်နေရကြောင်း ပြောဆိုကြသည်။

စစ်ရှောင်ကျောင်းသားမိဘတစ်ဦးက “လေယာဉ် အန္တရာယ်ပေါ့၊ အဓိက စိုးရိမ်ခြင်း ဖြစ်တယ်ပေါ့နော်။ တချို့ မိဘတွေလည်း ကြောက်တယ်ပေါ့။ ပို့လည်းတမျိုး မပို့လည်းတမျိုး အဲ့လိုပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၏မြို့တော် လွိုင်ကော်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒီးမော့ဆို မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများနှင့် စစ်ဘေး ရှောင်များက ပြောသည်။

စစ်ရှောင်စာသင်ကျောင်းတစ်ကျောင်းမှ CDM ဆရာမတစ်ဦးက “အဓိက စိုးရိမ်တာကတော့ ကျမတို့ကျောင်း လေယာဉ်အန္တရာယ်ပေါ့။ လေယာဉ်လာတယ်။ ဒါဆို ကျမတို့က ကြောက်လို့ရှင့် ကျမတို့ ကျောင်းပိတ် လိုက်ရတယ်။ ကျောင်းပိတ်လို့ရှိရင် ကလေးတွေက စာပြတ်တိပြတ်တောက် ဖြစ်သွားတာ။ အပြင်ကို စိတ်ပို ရောက်သွားတယ်။ အဲ့ခါကျလို့ရှိရင် ကျမတို့က ကလေးတွေ ပညာဆက် သင်ယူဖို့အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ ပြီးခါကြတော့ စာကောင်းကောင်း မသင်ရမှာ စိုးရိမ်တယ်။ အဓိက ကတော့ အဲ့ဒီတစ်ခုပေါ့။ လေယာဉ် အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်းပဲ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်း ၂ ကျောင်းကို ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ရပြီး ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသားအယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here