12 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကလေးငယ် ၂ ဦးအပါဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သည်။

ယင်းအပြင် ဇန်နဝါရီတစ်လအတွင်း ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ အခြေစိုက်တပ်ရင်းက လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၁၂ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ကျေးရွာအပြင်ဘက်ကို ကျရောက်ခဲ့တာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “စိုးရိမ်တာပေါ့။ ကျနော်ရဲ့အိမ်သူအိမ်သားတွေကလည်း လက်နက်ကြီးသံကြားတော့ ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့ဘူး။ ဘုရားသခင်ရှိတယ်လို့ ဒါမျိုးပဲပြောလိုက်တော့တယ်” ဟု ပြောသည်။

သေဆုံးသူ ၆ ဦးမှာ ဇန်နဝါရီ ၁၀ ရက်နေ့က လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ ဇန်နဝါရီ ၁၅ ရက်နေ့က ဒီးမော့ဆို အရှေ့ဘက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် (၃၁) နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာက အသက် ၄၀ ကျော်အမျိုးသမီး ၁ ဦးတို့ဖြစ်သည်။

လူထိခိုက်သေဆုံးမှုအပြင် စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ဒေသခံလူထု၏ အိုးအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

လက်ရှိတွင် ကရင်နီပြည်နှင့် ရှမ်းပြည်အစပ်ရှိ ဖယ်ခုံ၊ မိုးဗြဲ ဘက်တို့တွင် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေယာဉ်၊ ဒရုန်းများ အသုံးပြုတိုက်ခိုက်နေပြီး မိုးဗြဲနှင့် ဖယ်ခုံအပြင် အနီးနားက ကျေးရွာများနှင့် စစ်ရှောင်စခန်းများကိုလည်း စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကရင်နီပြည်နှင့် အလယ်ကယန်းဒေသတို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၇၈၈) ကြိမ်ရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။