လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု ပိုလုပ်လာလို့ ပြည်သူများ ဗုံးခိုကျင်းတူးကြရန် မင်းတပ် (ပအဖ) ထပ်မံသတိပေး

0
278
ပုံစာ - မင်းတပ် (ပအဖ) သတိပေးထုတ်ပြန်ချက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု ပိုမိုပြုလုပ် လာတာကြောင့် ပြည်သူများ (မဖြစ်မနေ) ဗုံးခိုကျင်းများ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထပ်မံသတိပေး ထုတ်ပြန်လာသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးများ အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မရှိပေသော်လည်း ဘာသာရေးအဆောက်အအုံ အပါအဝင် အရပ်သား နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုယောမာန်က အခုလို ပြောသည်။

“ ဇွန် ၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ်တာ ရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲလို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိပ်စိပ် ဖြစ်နေတဲ့ အတွက်ကြောင့် အရင်က ထုတ်ပြန်ပေမယ့် လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မင်းတပ်မြို့နယ် အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါနဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ် အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ် နေသည်ဟု ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ ပြည်သူများ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေး ဗုံးခိုကျင်းများ ဆောလျင်စွာ တူးထားကြရန် သက်ဆိုင်ရာမြို့နယ်နှင့် တိုက်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြပါရှိသည်။

မင်းတပ်မြို့တွင် ပြည်သူများအနေဖြင့် ရိုးရာပွဲလမ်းများ ပြုလုပ်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကျဉ်ရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၄ ရက်က ထုတ်ပြန်ကြေညာ ထားသည်။

ထို့အပြင် နေအိမ်ဝန်းကျင်တွင် ဗုံးခိုကျင်းများ တူးထားကြရန်၊ စစ်ကောင်စီ၏ မပေါက်ကွဲသေးသော ဗုံးအကြွင်းအကျန်များကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲ နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချင်းကာကွယ်ရေးတပ် – မင်းတပ်ကို သတင်းပေးပို့ကြရန်လည်း အသိပေးထားသည်။

၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဧပြီလ အထိ ချင်းပြည်နယ်နှင့် ကလေးခရိုင်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၇၇ ကြိမ် ပြုလုပ်ခဲ့ပြီး ချင်းလူမျိုး ၆၄ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

သေဆုံးသူများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး သာပါဝင်ပြီး ကျန် ၅၄ ဦးမှာ သာမန်အရပ်သား ပြည်သူများ ဖြစ်ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here