လူမှုကွန်ရက်တွင် စစ်ကောင်စီကိုဝေဖန်ရေးသားပြောဆိုမှုကြောင့် နိုင်ငံတဝန်းပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

0
374
ပုံစာ- လူမှုကွန်ရက်တွင်ဝေဖန်ရေးသားပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူပြဇယား။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားပြောဆို ဆက်သွယ်မှုကြောင့် ချင်းအပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူ ၁၃၀၀ ကျော် ဖမ်းဆီးခံရသည်ဟု Data For Myanmar က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအဖွဲ့များကို လူမှုကွန်ရက်ပေါ်တွင် ထောက်ခံရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခံရသော ပြည်သူများသည် လစဉ် ပျှမ်းမျှ ၆၅ ဦး ခန့် ရှိပြီး ၂၀၂၂ ခုနှစ် ၄ လ အတွင်းမှာပင် ပြည်သူ ၅၀၀ ကို ဖမ်းဆီးခဲ့သည်ဟု Data For Myanmar ၏ အစီရင်ခံစာက ပြောဆိုထားသည်။

၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလကုန် အထိ စစ်ကောင်စီက ပြည်သူ ၁,၃၁၆ ဦး ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ထက်ဝက်နီးပါးက ရန်ကုန်နှင့် မန္တလေးတို့ကဖြစ်ပြီး လူပေါင်း ၆၀၀ ကျော် ရှိသည်ဟု ထိုအစီရင်ခံစာ တွင် ထုတ်ပြန်ပါရှိသည်။

ဖမ်းဆီးခံရသော ပြည်သူများမှာ ရန်ကုန်က ၃၂၃ ဦး၊ မန္တလေးက ၂၈၄ ဦး၊ ပဲခူး (အရှေ့) က ၁၀၄ ဦး၊ မကွေးက ၉၃ ဦး၊ ဧရာဝတီက ၇၈ ဦး၊ ပဲခူး (အနောက်) က ၆၉ ဦး၊ မွန်က ၆၂ ဦး၊ တနင်္သာရီက ၅၉ ဦး၊ စစ်ကိုင်းက ၅၃ ဦး၊ နေပြည်တော်က ၄၂ ဦး၊ ရှမ်း(တောင်)က ၄၀ ဦး၊ ရှမ်း (မြောက်) က ၂၈ ဦး၊ ကချင်က ၂၈ ဦး၊ ကရင်က ၂၅ ဦး၊ ရခိုင်က ၁၃ ဦး၊ ရှမ်း (အရှေ့) က ၁၀ ဦးနှင့် ချင်းက ၅ ဦးတို့ ဖြစ်သည်ဟု Data for Myanmar က ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများသည် ဖေ့ဘွတ်အသုံးပြုသူ အများစုဖြစ်ပြီး Tik Tok နှင့် Telegram အသုံးပြုသူ တချို့လည်း ပါဝင်သည်ကို တွေ့ရသည်။

အဖမ်းခံရသူများကို ထောင်ချခြင်း ရှိ၊ မရှိ၊ ပြန်လည်လွတ်ပေးခြင်း ရှိ၊ မရှိ စသည့် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်များကို အစီရင်ခံစာ ပြုစုသူများက မသိရှိပါဟု ထိုထုတ်ပြန်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူမှုကွန်ရက်ကနေ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလစ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု စစ်ကောင်စီသည် ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးအရေးယူမှုများကိုလည်း စစ်ကောင်စီ၏ နေ့စဉ်သတင်းစာနှင့် တယ်လီဂရမ်လော်ဘီချန်နယ် များမှ တဆင့် နေ့စဉ် သတင်းထုတ်ပြန်နေသည်ကို တွေ့ရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here