စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ တရုတ်ကုမ္ပဏီပိုင် တကောင်းနီကယ်စက်ရုံလုပ်ငန်းများ ရပ်နားထားရာမှ လက်ရှိတွင် လုပ်ငန်းများ ပြန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
တကောင်းနီကယ် ကြေးနီစီမံကိန်းကို သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်များ မိုင်းဖောက်ခွဲခံရပြီးနောက်ပိုင်း လုပ်ငန်းများ ရပ်နားထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တကောင်း နီကယ်စက်ရုံရှိ လျှပ်စစ်ဓါတ်အားပေးလိုင်းများကို Special.9-HPDF နှင့် Fox Army-HPDF တို့ ပူးပေါင်း၍ ဓာတ်အားလိုင်းတိုင် ၃ တိုင် ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မိုင်းခွဲဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ လုံခြုံရေး ရယူပေးမှုနှင့် ညှိနှိုင်းထားမှုတချို့ကြောင့် လုပ်ငန်း ပြန်လည်ပတ်နေခြင်းဖြစ်သည်ဟု ထီးချိုင့်-မောင်းကုန်းဒေသခံတစ်ဦးက အခုလို ပြောဆိုသည်။
“သူတို့တွေ ညှိထားကြတာလည်း ဖြစ်မှာပါ။ အဲ့အနီးနားတဝိုက်က တိုက်ပွဲတွေ ဘာတွေတော့ မဖြစ်ဘူး၊ ကြားထဲမှာတော့ ဖြစ်တယ်။ ကြားမှ တစ်ခါဖြစ်တာလည်း ခဏပါ၊ မောင်းကုန်းမှာတော့ ဘာမှ မဖြစ်ဘူး။ မနှစ်ကတည်းက စတာ ပြန်လည်တာ” လို့ အဆိုပါဒေသခံက ပြောသည်။
လက်ရှိတွင် တကောင်းနီကယ်စက်ရုံကို ရဲတပ်ဖွဲ့များက လုံခြုံရေးယူထားပေးပြီး စက်ရုံနှင့် မိုင်အနည်းငယ်ကွာဝေးသည့် မြတောင်လမ်းစုံတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှု အမြဲရှိနေတယ်လို့ ဒေသခံများက ပြောဆိုသည်။
တကောင်း နီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous Metal Mining နှင့် မြန်မာဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က ၂၀၀၈ ခုနှစ်ကတည်းက စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။
“လက်ရှိ ထီးချိုင့်နဲ့ နီကယ်မောင်းကုန်း အဲ့ဒါနဲ့ယှဉ်လို့ရှိရင်တောင် အဲ့ကတောင် ပိုလို့စည်နေသေးတယ်။ လူနေထပ်မှုရယ် လုပ်ကိုင်စားသောက်မှု ပုံစံရယ်က အဲ့ဘက်က ပိုများတယ်။ လူတွေ ပိုများလာတာပေါ့ကွာ” ဟု ထီးချိုင့်ဒေသခံ တစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် တရုတ်နိုင်ငံကုမ္ပဏီများက ကြေးနီတူးဖော်နေသည့် လက်ပံတောင်းတောင်စီမံကိန်းနှင့် တကောင်းနီကယ်စီမံကိန်း စသည့် ကြေးနီစီမံကိန်း နှစ်ခုရှိသည်။
ရှမ်းနီအသံ ပေးပို့သည်။