
ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ရှောင်ပြည်သူများနေထိုင်သည့် မုန်လိုင်ခက်မှာ အောက်တိုဘာ ၉ ရက် ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေး ၁၁ ယောက် အပါအဝင် လူ ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လိုင်ဇာ၊ မုန်လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ရှောင် ၂၉ ယောက် သေဆုံးခဲ့ရပြီး ၅၇ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO က သတင်းထုတ်ပြန်သည်။
ဒီတိုက်ခိုက်မှုကို စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး KIA က မည်သည့်လက်နက်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ် ဆိုတာကို စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “ လေယာဉ်သံတော့ မကြားရဘူးဆိုပေမယ့် တိုက်ခိုက်ခံရတဲ့ အခြေအနေက လေကြောင်း တိုက်ခိုက်ခံရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါမှမဟုတ်ရင် ဒရုန်းနဲ့ ပစ်ခံရတာ ဖြစ်တယ်။ နောက်တခုက အဝေးပစ် Rocket နဲ့လည်း ဖြစ်နိုင်တယ်။ ဒီအခြေအနေကို အသေးစိတ်သိဖို့ရန်အတွက် ကျနော်တို့မှာ စုံစမ်းဖော်ထုတ်ရေး ကော်မတီဖွဲ့ထားပြီ ဖြစ်တယ်။ သူတို့ရဲ့ အဖြေသိမှ ပြောပြလို့ရမယ်” လို့ ဆိုသည်။
စစ်ကောင်စီရဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လိုင်ဇာ၊ မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး “လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ပစ်ခတ်တိုက်ခိုက်နိုင်ပေမယ့် ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ပါဘူး” လို့ ပြည်တွင်းသတင်းဌာနများကို ပြောဆိုထားသည်။
မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ နေအိမ် ၅၀ နီးပါး တစ်စစီပျက်စီးသွားပြီး ကလေးငယ် ၁၁ ယောက် အပါအဝင် အရပ်သားပြည်သူ ၂၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၀ ရက်နေ့မှာပဲ လိုင်ဇာ၊ အင်ခရွတ်ကောင်မှာ မြေမြှုပ်သဂြိုလ်ခဲ့သည်။
အဆိုပါစစ်ရှောင်စခန်းရှိ နေအိမ် ၅၀ ခန့် တစ်စစီပျက်စီးသွားတာကြောင့် စစ်ရှောင်ပြည်သူ ၂၀၀ နီးပါးက လိုင်ဇာမြို့၊ ဝေကြိုင် (Woi Chyai) ရပ်ကွက် ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြတယ်လို့ မုန်လိုင်ခက်မှာနေထိုင်တဲ့ ရွာခံအမျိုးသားတစ်ယောက်က အခုလို ပြောပါသည်။
“အခုက ရွာထဲမှာရှိနေရင်လည်း အိမ်တွေက တစ်စစီ ပျက်စီးသွားပြီဖြစ်တဲ့အတွက် နေလို့မရတော့ဘူးလေ။ အဲဒါကြောင့် ဝေကြိုင်ဘက်မှာ သွားရှောင်နေကြတယ်။ တိမ်းရှောင်နေတဲ့သူတွေကတော့ တစ်ရာကျော် နှစ်ရာလောက် ရှိပါတယ်။ ပေါက်ကွဲပျက်စီးမှု ဖြစ်ပွားသွားတဲ့နေရာမှာက ပြည်သူတွေက မရှိတော့ဘူး။ အဲ့မှာက KIA ရဲနဲ့ စစ်သားတွေက ကူညီရေးတွေ လုပ်ဆောင်နေကြတယ်” လို့ ၎င်းက ပြောဆိုသည်။
မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သတ်ပြီး လက်ရှိကျင်းပနေတဲ့ “၇၈” ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီတပ်ဟာ KIO ဌာနချုပ်အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရသည်။
အလားတူ မုန်လိုင်ခက် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကချင်တိုင်းရင်းသားများရဲ့ ထိခိုက်ဆုံးရှံးမှုအပေါ် ထပ်တူနာကျင်ခံစားရပြီး ထိခိုက်ဆုံးရှုံးမှုတွေအတွက် တရားမျှတမှု ပြန်လည်ရယူဖို့ ကြိုးစားသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားသည်။
ဒါ့အပြင် ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ KHRW က စစ်တပ်ရဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်းနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးမှ အမြန်ဆုံးအရေးယူပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါသည်။
UNICEF Myanmar ကလည်း လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် UNICEF အနေဖြင့် များစွာ ထိတ်လန့်ဝမ်းနည်းရမိကြောင်းနဲ့ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များ မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
KNG ပေးပို့သည်။