28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းလိပ်သို-သံတောင်-တောင်ငူလမ်းပိုင်း သွားလာသူအရပ်သား ၃ ဦး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူများရှိနေ

လိပ်သို-သံတောင်-တောင်ငူလမ်းပိုင်း သွားလာသူအရပ်သား ၃ ဦး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူများရှိနေ

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ လိပ်သို-သံတောင်-တောင်ငူလမ်းပိုင်း အသုံးပြုသွားလာသူ နယ်ခံအရပ်သား ၃ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်၏ သတ်ဖြတ်မှုခံလိုက်ရပြီး အချို့လည်း လက်ဝယ်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါလမ်းပိုင်းကို KNU တပ်မဟာ (၂) ဘက်က မေလ ၁ ရက်နေ့ကစ၍ အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသော်လည်း ကျောင်းကိစ္စ၊ အရောင်းအဝယ်ကိစ္စ၊ စားနပ်ရိက္ခာကိစ္စတို့ဖြင့် အရဲစွန့်သွားလာသူ ဒေသခံတချို့ရှိသည်ဟု သံတောင်ကြီးနှင့် လိပ်သိုတွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်မေလကုန်ပိုင်းက လိပ်သိုဒေသခံ အရပ်သား ၁၄ ဦးသည် လိပ်သို မှ တောင်ငူသို့အသွား ထုံးဘိုကြီး ရွာဘက်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအား လမ်းနံဘေးတွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံလမ်းသွားလမ်းလာများက ပြောသည်။

လိပ်သိုနယ်ခံ အမျိုးသားတစ်ဦးက “လိပ်သိုကနေ နနွင်းတွေသယ် တောင်ငူကိုသွားရောင်းပြီး ဆန်ပြန်ဝယ်လာတဲ့သူတွေရှိတယ်လေ။ ပြီးခဲ့တဲ့အပတ်လောက်က ထုံးဘိုကြီးဘက်မှာ စကစကဖမ်းပြီး ဖုန်းတွေစစ်တယ်။ စစ်ခံရတာတော့ အများကြီးပဲ။ အားလုံးပေါင်း ၁၄ ယောက် ဖမ်းခံထိတယ်။ သူ့မိသားစုတွေက သွားခေါ်လို့ ပြန်လွတ်လာတာလည်းရှိတယ်။ ဟိုသေတဲ့လူငယ်နှစ်ယောက်ကတော့ ထုံးဘိုကြီး လမ်းဘေးမှာ အလောင်းပစ်ထားတာကိုတွေ့လို့ သိတာ” ဟု ပြောသည်။

အလားတူ သံတောင်ကြီးဘက်မှ တောင်ငူသို့ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သားနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သံတောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ထုံးဘိုကြီးမှာက ဖမ်းတယ်၊ သတ်တယ် အဲ့လိုကြားတယ်။ ကျမတို့သံတောင်ကြီးဘက်မှာလည်း နှစ်ယောက်လေ၊ စစ်သားတားတဲ့အခါကြတော့ သူတို့ကကြောက်ပြီးမရပ်ရဲဘူး။ အဲ့တော့ နောက်ကလှမ်းပစ်တာ တစ်ယောက်သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။ ရွှေညောင်ပင် စနေကုန်းနားလောက်မှာဖြစ်တာ။ လမ်းမှာ ကင်းစောင့်တာတို့ တောတိုးတာတို့လုပ်တဲ့ စကစတွေ ရှိတယ်လေ။ ဂိတ်မှာ ပစ်ခံရတာတော့မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

မေလကုန်ပိုင်းမှ ယခုဇွန်လအထိ စစ်ကောင်စီလက်ဝယ် လမ်းသွားလာသူအရပ်သား မည်မျှဖမ်းဆီးခံရပြီး မည်မျှပြန်လည်လွတ်မြောက်လာကြောင်း လူဦးရေစာရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါလမ်းမကြီး ပိတ်ထားချိန်အတွင်း ဒေသတွင်း ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ ဖြစ်ပွားခဲ့သော်လည်း အရေးကြီးကိစ္စ သွားလာလိုသူတချို့ကို KNU တပ်မဟာ (၂) ဘက်က ရံဖန်ရံခါ ဆိုင်ကယ်သွားလာခွင့်ပြုသည်ဟု ဒေသခံများ၏ ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် မေလပိုင်းတွင် စစ်ကောင်စီက ထုံးဘိုကြီးအခြေစိုက်တပ်စခန်းသို့ အင်အားအများအပြား ဖြည့်တင်းခဲ့ပြီး လက်ရှိအချိန်ထိ စခန်းပတ်လည် လုံခြုံရေးများ တင်းကြပ်စွာချထား၍ အစစ်အဆေးပြုလုပ်လျက်ရှိကြောင်း စစ်ကောင်စီ အသွားအလာစောင့်ကြည့်နေသည့် တောင်ငူခရိုင်သတင်းရင်းမြစ်တို့က ပြောဆိုသည်။

KIC ပေးပို့သည်။