လိပ်သို-တောင်ငူလမ်းရှိ စစ်ကောင်စီတပ်ဂိတ်များသို့ ကုန်တင်ယာဉ်များ ဂိတ်ကြေး သောင်းချီပေးဆောင်နေရ

0
427
ပုံစာ - ဖာလာစိုက်ပျိုးသူ သံတောင်ဒေသခံတချို့။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို ဒေသဘက်မှ တောင်ငူမြို့သို့ ဒေသထွက် ဖာလာများ တင်ဆောင်ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဥ်များမှာ လမ်းတလျှောက်ရှိ စစ်ကောင်စီဂိတ်စခန်းများအား ဂိတ်ကြေးအဖြင့် မြန်မာကျပ်ငွေ သောင်းချီ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

လိပ်သိုဘက်မှ တောင်ငူမြိုပေါ်ကို တက်ရောင်းမည့် ဖာလာတင် မော်တော်ယာဥ်များသည် စစ်ကောင်စီတပ် ဂိတ်စခန်းများဖြစ်သည့် လိပ်သို၊ ဇလဲ၊ ထုံးဘိုကြီး၊ ခုနှစ်မိုင်လမ်းခွဲနှင့်တောင်ငူမြို့အဝင် စစ်တောင်းတံတား ထိပ်စခန်းတလျှောက်ရှိ ဂိတ်တိုင်းလိုလိုတွင် ဂိတ်ဖြတ်သန်းခများ ပေးဆောင်နေရခြင်းဖြစ်သည်ဟု သံတောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖာလာခြောက်တွေကို တောင်ငူဘက်ကို သယ်ဖို့ စစ်တပ်ဂိတ်မှာ ဂိတ်ကြေးအနေနဲ့ သောင်းချီပြီး ပေးရတယ်၊ ဂိတ်တိုင်းပေးရသလို ဖြစ်နေတယ်။ လိပ်သိုဘက်ကနေ တောင်ငူ စစ်တောင်းတံတားထိပ်အထိဆို ကြားမှာ ၅ ဂိတ်လောက် ရှိတာ၊ ခရီးသည်ကားတွေဖြတ်ရင် တစ်ဂိတ်ကိုအနည်းဆုံး ဂိတ်ကြေးထောင်ဂဏန်းပဲ ရှိတာ။ ဖာလာတင်လာလို့ စီးပွားရေးသမားမို့လို့ဆိုပြီး ပိုကောက်တဲ့ပုံစံမျိုးပေါ့။ ဂိတ်စောင့်တဲ့လူကြီးပေါ်မှာ မူတည်ပြီး ပိုက်ဆံပေးရတယ်လေ တောင်းစားနည်းတစ်မျိုးပဲ” ဟု အဆိုပါမြို့ခံအမျိုးသားက ပြောသည်။

သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ်၌ ရာသီဥတု ပုံမှန်မရှိသဖြင့် ဖာလာအထွက်နှုန်း မကောင်းသည့် အခြေအနေတွင် စစ်ကောင်စီတပ်ဂိတ်စခန်းများမှ ဖာလာထွက်ချိန် အခွင့်ကောင်းယူ၍ ယခုလို အဆမတန် တောင်းခံနေခြင်းဖြစ်ရာ သိန်းနှင့်ချီ၍ ဂိတ်ကြေးတောင်းခံနေရသော တချို့ ဖာလာတင်မော်တော်ယာဥ်များ ရှိနေသည်ဟု ဒေသခံများက ပြောပြသည်။

လိပ်သိုဒေသခံတစ်ဦးက “ဂိတ်ထိုင်တဲ့သူတွေက တစ်ရက်တစ်ရက် လူလဲတော့ ပေးရတာက အမှန်မရှိဘူး။ ဘယ်လောက်အထိ တောင်းလည်းဆိုတော့ ဖာလာတင်လာတဲ့ကားတချို့ ၅ သောင်း ကနေ ၂သိန်းခွဲ အထိ တောင်းခံရတာ ရှိဖူးတယ်။ အနိမ့်ဆုံးကတော့ သောင်းနဲ့ချီပြီး ပေးရတယ်။ ဖာလာစိုက်တဲ့ အချိန်တစ်ချိန်ပါပဲ။ အချို့ပွဲစားကုန်သည်တွေက ရွာတွေဘက်အထိ ဆင်းဝယ်တာ ရှိတယ်လေ။ ဂိတ်ကြေးကတော့ ကုန်သည်တွေ မပါတဲ့ ကားတွေဆိုရင် ကားသမားက ပေးရတယ်။ မူးလာရင် ရစ်ကြတာလည်း ရှိသေးတယ်” ပြောသည်။

တောင်ပေါ်ဒေသဖြစ်သော သံတောင်ကြီးဒေသခံများသည် ကွမ်းသီး၊ ကော်ဖီ၊ ဒူးရင်း အစရှိသည့် ဥယျာဥ်ခြံ စိုက်ပျိုးရေးကို လုပ်ကိုင်ကြပြီး အဓိကစီးပွားရေး လုပ်ငန်းအနေဖြင့် နှစ်စဥ် ဇွန်လမှ စတင်စိုက်ပျိုး၍ အောက်တိုဘာလ အထိ ခူးဆွတ်၍ရသော ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။

စစ်အာဏာမသိမ်းခင်က သံတောင်ကြီးမြို့နယ်၏ ဖာလာပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် သောင်းနှင့်ချီ ရရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် ထောင်ဂဏန်းအထိ ကျဆင်းသွားသလို ယခုနှစ်တွင်လည်း ရာသီဥတုကြောင့် ဖာလာအထွက်နှုန်းမှာ ယခင်နှစ်များကထက် ၃ ဆ ခန့် ပိုနည်းသွား သည်ဟု ဖာလာစိုက်တောင်သူများက ဆိုကြသည်။

ထို့အတူ ဒေသခံများသည် နယ်မြေမငြိမ်သက်မှုများကြောင့် နေအိမ်မှ ဖာလာခြံသို့ သွားရာလမ်းရှိ စစ်တပ်ဂိတ် စခန်းများ၏ စစ်ဆေးမှု အမျိုးမျိုးတွေ့ကြုံနေရခြင်းနှင့် လက်နက်ကြီး ကျရောက်မည့်အန္တရာယ်ကြောင့် ခြံအတွင်း မနေထိုင်ရဲခြင်းတို့ကြောင့် စီးပွားရေးအခက်ကြုံနေကြရသည်။

ကရင်ပြည်နယ်မှ ထွက်ရှိသည့် ဖာလာများကို တောင်ငူနှင့် ရန်ကုန် ပွဲရုံများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်းနှင့် ကရင်ပြည်နယ်ထဲတွင် ဖာလာစိုက်ပျိုးမြေဧက ၇၅,၀၀၀ ဧက ရှိခဲ့ရာမှ ယခင်က ဖာလာစေ့ ပိဿာချိန် နှစ်စဉ် ၂ သန်း ဝန်းကျင် ထုတ်ရောင်းနိုင်ခဲ့ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့ချုပ်က ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here