လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများ တောလမ်းအသုံးပြုသွားလာရသဖြင့် အခက်အခဲများကြုံနေကြရ

0
124

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များသည် တောလမ်းကို အသုံးပြုသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များထံမှ စုံစမ်းသိရသည်။

လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲများအကြား မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံများ နေ့စဉ် ကားရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး လမ်းများတွင် ကားများပိတ်ကာ တောလမ်းထဲတွင်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် များက ပြောသည်။

“လမ်းက တောလမ်းကနေ လာခဲ့ရတာ။ နမ့်လန်ဘက်ကို လာတော့ တောလမ်းမှာ ကားပျက်တာတွေရှိတယ်။ ရွှံ့ဗွက်ထဲ ကားခံတာတွေ ရှိတယ်။ တစ်စီးခံရင် နောက်ကကားတွေက ကျော်လို့ မရဘူး။ လမ်းအရမ်း ကျဉ်းတယ် လေ။ အိပ်ရတာတွေလည်း ရှိတယ်။ လားရှိုးကနေ ထွက်ပြေးရင် နမ္မ ဘက်ကိုပဲ ထွက်ကြတာ” ဟု လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တန့်ယန်း၊ မိုင်းရယ်၊ ပင်လုံ၊ နမ့်စန်နှင့် လဲချား စသည့် ဘေးလွတ်ကင်းရာ အခြားဒေသသို့ ဦးတည်၍ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထွက်ပြေးလာသော စစ်ဘေးရှောင် များတွင် ကျန်းမာရေးမကောင်းသူများလည်း ပါရှိသဖြင့် လားရှိုးမြို့တွင်းသို့ လှည့်ပြန်လိုက်ရသူများလည်း ရှိကြောင်း လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။

“မနေ့ကတော့ အများဆုံးပဲ ကားတွေနဲ့ ထွက်ပြေးကြတာ။ ဒါပေမယ့် ကားတွေအရမ်း ပိတ်တယ်၊ တိုးလို့လည်း မရဘူး။ အသက်ကြီးတဲ့လူကြီးတွေပါတော့ လမ်းမှာဆက်နေဖို့ အဆင်မပြေတော့ လားရှိုးထဲကို ပြန်လှည့်ခဲ့ရတယ်။ သူတို့ကလည်း အပြန်အလှန် ပစ်နေရင် ကြောက်ရတယ် လမ်းမှာဆိုတော့” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ နှစ်ဘက်တိုက်ပွဲကြား လားရှိုးမြို့မှ ရုတ်တရက် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့်အတွက် နေအိမ်နှင့် အိမ်တွင်မွေးထားသော တိရစ္ဆာန်များကို စိုးရိမ်ပူပန်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါသည်။

“အိမ်ကို လက်နက်ကြီးကျမှာ စိတ်ပူရတယ်။ မွေးထားတဲ့ ခွေး၊ ကြောင်၊ ဝက်တွေကို ထားခဲ့ရတော့ စိတ်ထဲ မကောင်းဘူး။ အိမ်မှာလည်း ဘယ်သူမှ မရှိထားဘူး။ အိမ်ကနေ ရုတ်တရက် ထိတ်ထိတ်လန့်လန့် ထွက်လာရတော့ ဘာကိုမှ ကောင်းကောင်းမယူလာလိုက်ရဘူး” ဟု အဆိုပါစစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့မှ စစ်ဘေးရှောင် ထောင်နှင့်ချီ ထွက်ပြေးနေရပြီး သီပေါမြို့နယ် စဉ့်အင်ဖောင်ဆိပ်တွင် ကားများရာနှင့်ချီ ပိတ်မိနေပြီး ညအိပ်စောင့်ရသည့်အပြင် ကမ်းကူးနိုင်ရန်အတွက် ပိုက်ဆံပိုပေးနိုင်သူကိုသာ ဦးစားပေး ကူးပေးနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သူများသည် တစ်ဦးလျှင် ကားခ ၃ သိန်းခန့် ပေးရပြီး၊ စဉ့်အင်ဖောင်ဆိပ်တွင် VIP ခေါင်းစဉ်ဖြင့် ကားတစ်စီးလျှင် ၅ သိန်းပေးသူကို စက်လှေဖြင့် ဦးစားပေးကမ်းကူးပေးကြောင်း သိရသည်။

လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ နေ့စဉ်နီးပါး ကျရောက်ပေါက်ကွဲ နေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၂၀ ဦး ကျော်အထိ ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here