သျှမ်းပြည်၊ လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွင်းရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ယာဉ်တန်းများလည်း ရောက်ရှိလာသည်ဟု လားရှိုးမြို့ဒေသခံများထံမှ စုံစမ်းသိရသည်။
ဧပြီလ ၁၉ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့” ဆိုသည့် တရုတ်နှင့် မြန်မာစာတန်း ရေးထိုးထားသည့် ကားအစီးရေ ၃၀ နီးပါးရှိယာဉ်တန်းများ စတင်ဝင်ရောက်လာကြောင်း လားရှိုးမြို့ဒေသခံများက ပြောဆိုသည်။
လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “တရုတ်က အပစ်ရပ်အဖွဲ့ မြို့ပေါ်ရောက်လာတာဟုတ်တယ်။ တရုတ်တွေ ဝင်လာတဲ့လမ်းကြောင်းက ချင်းရွှေဟော်ဘက်က ဖြစ်နိုင်တယ်။ တချို့လည်း ‘ဝ’ ထိန်းချုပ်တဲ့ နမ့်တစ်ဘက်က လာတယ်လို့ ပြောကြတယ်။ ဗီဒီယိုထဲတွေ့ရတာက ချင်းရွှေဟော်နဲ့ ကွမ်းလုံကြားထဲမှာ ရိုက်ထားတာ၊ ကားအစီး ၃၀ လောက် ကိုးကန့်လုံခြုံရေးနဲ့ လာတာ” ဟု ပြောသည်။
အလားတူ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ထိပ်တန်းအရာရှိတချို့နှင့်အတူ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်း ရောက်ရှိနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
“တိန့်ရှီကျွင်းလည်း လားရှိုးရောက်နေတယ်။ စကစဘက်က တိုင်းစစ်ဦးစီးချုပ်လည်း ရောက်နေတယ်။ စရဖ တပ်မှူးတွေလည်း ရောက်နေတယ်။ ၂၁ ရက်နေ့ကြရင် တရုတ်မှာ ကိုးကန့်နဲ့ သွားဆွေးနွေးခဲ့တဲ့ ဗိုလ်ချုပ်ကိုကိုဦး ရောက်လာမယ်လို့ ပြောတယ်။ အစည်းအဝေးပြီးမှပဲ တိန့်ရှီကျွင်းက တရုတ်ပြည်ပြန်မယ့်သဘောရှိတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွမ်းအနေဖြင့် စစ်ကောင်စီအရာရှိများနှင့်အတူ လားရှိုးမြို့ပေါ်သို့ မည်သည့်အချိန်ကတည်းက စတင်ရောက်ရှိနေသည်ကို မသိရတာကြောင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
သင်္ကြန်ပွဲတော်ကာလအပြီး နှစ်ဆန်းတစ်ရက်ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့မှစတင်၍ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိတချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာအသီးသီးမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယင်းနောက် ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းရယ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို ကိုးကန့်တပ်ဖွဲ့က နမ့်ပေါင်မှတဆင့် သွားရောက်ကြိုဆိုခဲ့ပြီး လမ်းတလျှောက် လုံခြုံရေးယူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ၌ လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆက်လက်နေရာယူထားကြပြီး စစ်ကောင်စီဘက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ ဆေးရုံအုပ်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး စရဖ တပ်ဖွဲ့ဝင်များ အားလုံးသည် အရပ်ဝတ်ဖြင့် မြို့ထဲဝင်ရောက်လာခဲ့ကြောင်း သိရသည်။
လာမည့် ဧပြီလ (၂၁) ရက်တွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံရန် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် MNDAA နှင့် စစ်ကောင်စီအကြား ကူမင်းမြို့၌ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် တရားဝင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။