လားရှိုးတွင် MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးနေ

0
124
ပုံစာ - MNDAA က ထုတ်ပေးသည့် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားရရှိသူတစ်ဦး။

သျှမ်းပြည်၊ လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး လိုင်စင်ရှိယာဉ်နှင့် လိုင်စင်မဲ့ယာဉ်များအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လိုင်စင်ရှိယာဉ်၊ လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များအားလုံးကို ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး သွားရောက်စာရင်းပေးသွင်းသူ နေ့စဉ် ရာနှင့်ချီရှိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “မြို့ပေါ်မှာ ကားသူခိုးတွေ၊ ကားတိုက်ပြီး ထွက်ပြေးတာတွေများတော့ အဲ့ဒါကြောင့် လုပ်ပေးတာလို့ ပြောတယ်။ အရင်က လိုင်စင်မဲ့ Without ကားတွေက ခဲခြစ်နံပါတ်ရယ်၊ အင်ဂျင်နံပါတ်ရယ် တောင်းတယ်။ လိုင်စင်ရှိတဲ့ကားတော့ အုံနာဘုတ်ပြပြီး တစ်သောင်းခွဲပေးရတယ် အဲ့လိုပေါ့။ ကတ်ပြားပေါ်မှာရေးပြီး တခါတည်း ပလတ်စတစ်ကတ်လောင်းပေးတာ” ဟု ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် (၃)၊ (၈)၊ (၁၂) နှင့် ဟိုပိတ်ကျေးရွာတို့တွင် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးသည့်ရုံးများ ဖွင့်လှစ်၍ ယာဉ်တစ်စီးလျှင် ကျပ်ငွေ ၁၅,၀၀၀ ကျပ် ကောက်ခံကာ ပြုလုပ်ပေးလျက်ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ဇန်နဝါရီ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက လားရှိုးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ကားနှင့် ဆိုင်ကယ်စာရင်းများကို သက်ဆိုင်ရာ နယ်မြေမှူးများမှ စာရင်းလိုက်လံကောက်ယူခဲ့ပြီးနောက် ယခုကဲ့သို့ ယာဉ်မောင်းကတ်ပြားများကို ပြုလုပ်လာခြင်းဖြစ်ပြီး စီမံချက်အနေဖြင့်မဟုတ်ဘဲ လာသမျှယာဉ်များကို စစ်ဆေးပြီး ပြုလုပ်ပေးနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သုံးတာကတော့ သျှမ်းမြောက်ဘက်ပဲ ရမှာပေါ့။ နောက်ပြီး ကားပျောက်တဲ့အချိန်၊ ကားတိုက်တဲ့အချိန် ယာဉ်နံပါတ်နဲ့ လွယ်လွယ် စစ်ဆေးလို့ရတာပေါ့၊၊ မကောင်းတာက အဲ့ဒီကတ်ကို သျှမ်းတောင်ယူလာတဲ့အခါ တန့်ယန်း၊ မိုင်းရယ် ကျော်လာရင် စကစ ဖမ်းမိသွားမှာ၊ ဒဏ်တပ်ခံရမှာ အဲ့လိုစိုးရိမ်တာပေါ့” ဟု တောင်ကြီး – လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

လက်ရှိ၌ လားရှိုးမြို့ အဝင်/အထွက်ဂိတ်များတွင် MNDAA ထံ ဘီးလှိမ့်ခွန်အဖြစ် ယာဉ်တစ်စီးလျှင် ကျပ်ငွေ ၁,၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကားများအတွက် သယ်ဆောင်လာသည့် ကုန်ပမာဏပေါ်မူတည်ကာ အခွန်အဖြစ် (၁%) ကောက်ခံကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ယခုဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်များ၌ မီတာခနှင့် အမှိုက်ခွန်များကို MNDAA က စတင်ကောက်ခံမည်ဖြစ်ကြောင်း လားရှိုးဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here