လားရှိုးတွင် လက်နက်ကြီးကျပေါက်ကွဲပြီး ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး

0
143
ပုံစာ - လားရှိုးမြို့တွင် လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားသည့် နေအိမ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့နယ် ရပ်ကွက် (၉) နယ်မြေ – ၃ ဘူတာရုံသံလမ်းဘေးတွင် လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ရှိသူ ၁၃ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင် အဝင်ပေါ့ အဲ့ဒီမှာ၂ လုံး ကျတယ်။ ၃ ယောက်သေတယ်။ ၁၃ ယောက် ဒဏ်ရာရတယ်။ အခုမနက်ပဲ ဖြစ်သွားတာ။ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင် မကြာသေးဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးခဲ့သူများတွင် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်ဟု ဆိုသည်။

လားရှိုးမြို့ ဘေးပတ်ဝန်းကျင်၌ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကစပြီး ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ်မတော် TNLA အဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းတချို့ကို တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်ရာ မြို့တွင်းကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေခြင်းဖြစ်သည်။

“လောလောဆယ်က မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ဘူး။ လက်နက်ကြီးနဲ့ ဟိုဘက်ဒီဘက်ပစ်ခတ်နေကြတာ မြို့တွင်းထဲမှာ လက်နက်ကြီး ပစ်ခတ်တာတော့ မရှိသေးဘူး။ မြို့ပတ်ဝန်းကျင်တော့ ဖြစ်နေတာပေါ့လေ” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

တဖက်တွင်လည်း လားရှိုးမြို့ဒေသခံ ၇၀ ရာခိုင်နှုန်းခန့်သည် မြို့ကနေ ထွက်ခွာလျက်ရှိကြပြီး လမ်းပိုင်းပြတ်တောက်မှုနှင့် သွားလာခွင့် အကန့်အသတ်များကြောင့် ထောင်နှင့်ချီသော ကားဆိုင်ကယ်များမှာ ထွက်မရဘဲ ပိတ်မိနေသူများလည်း ရှိနေသည်။

လက်တလော၌ လားရှိုးမြို့တွင်းထဲရှိ နေအိမ်အများစုမှာ အိမ်တံခါးများပိတ်ထားကြပြီး မြို့ကစွန့်ခွာသွားသူများရှိသလို မြို့ခံတချို့က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသည်ဟုလည်း ဒေသခံများဆီက သိရသည်။

နှစ်ဖက်တပ်များက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားသေဆုံး ထိခိုက်မှုများ ဆက်တိုက်မြင့်တက်နေသော်လည်း ဖုန်းနှင့်အင်တာနက်လိုင်း အခက်အခဲများကြောင့် အရေအတွက်အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများဆီ ရရှိထားသည့် သတင်းအချက်အလက်များအရ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇူလိုင် ၃ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူ အရပ်သားက ၂၀ ဦးထက်မနည်းရှိကြောင်း သိရှိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here