လားရှိုးတွင် ရွှေဆိုင် ဗုံးပေါက်ကွဲပြီးနောက် ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရ

0
392
ပုံစာ - လားရှိုး ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးမြင်ကွင်း။ (Photo – Ye Naing Facebook)

လူ ၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မြို့မစျေးကြီးထဲရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းနေ့တွင် အမျိုးသား ၂ ဦး အဦးဆုံး ဖမ်းဆီးခံခဲ့ရပြီးနောက် အခြားထပ်မံ ဖမ်းဆီးခံရသူများမှာ လားရှိုးမြို့ရှိ လူငယ်များနှင့် CDM ဝန်ထမ်းများဖြစ်သည်ဟု လားရှိုးမြို့ခံများက ပြောသည်။

လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက “အဖမ်းခံရတဲ့ လူတွေက ရပ်ကွက် ၉ က လူတွေ များတယ်။ ဆရာမကြီး တွေလည်း ပါတယ်။ အဲ့ဒီဆရာမကြီးတွေက CDM ဝန်ထမ်းတွေပါ။ နောက်ပြီး ဖြစ်ဖြစ်ချင်းနေ့က ဖမ်းခံရတဲ့ အမျိုးသား နှစ်ယောက်က ရှမ်းလို့ ပြောတယ်။ ဖမ်းခံရတဲ့ထဲ ဒီပလောင် တအာင်းလူငယ်လည်း နှစ်ယောက်လောက် ပါတယ်။ တခြားသူတွေကတော့ ဘူတာစျေးကနေ ဖမ်းသွားကြတာ။ ပေါက်ကွဲမှုဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန် လူအုပ်စုလိုက်ကို အဲ့ဒီဘူတာစျေးကနေ ခေါ်သွားတာပါ” ဟု ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်တွင် ဇွဲထက်ရွှေဆိုင်မှ ဆိုင်ဝန်ထမ်းများ ဆိုင်ဖွင့်ရန်အတွက် တံခါးဖွင့်ချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ဝန်ထမ်း ၁၁ ဦးအပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့ခံများက ပြောသည်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “အဲ့ဒီနေ့ မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်ပေါ့နော်။ ဘယ်နားမှာ ပေါက်ကွဲလည်း ကြည့်လိုက်တဲ့အချိန်မှာ လားရှိုးမြို့မ စျေးကြီးထဲ ဇွဲထက်ရွှေဆိုင်ရှေ့မှာပဲ ပေါက်ကွဲတာ” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရွှေဆိုင်ထဲရှိ ဝန်ထမ်း အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အခြားပြည်သူ ၃ ဦးလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အနီးရှိ ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားခဲ့ပြီး ဇွဲထက်ရွှေဆိုင်အနီးရှိ အခြားဆိုင်ခန်း ၃ ခန်းခန့်လည်း ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည်ဟု မြို့ခံများက ပြောသည်။

“ဇွဲထက်ဆိုင်က မျက်နှာချင်းဆိုင် နှစ်ဆိုင် ရှိတယ်။ ဆေးရုံကနေ ဆင်းလာရင် ပေါက်ကွဲတဲ့ဆိုင်က ညာဘက်ကဆိုင် ဖြစ်တယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် ဖြစ်နေတော့ နှစ်ဆိုင်စလုံး ထိခိုက်ပျက်စီးသွားတယ်။ ဗုံးက တစ်လုံးပဲ အသံကြားမိတယ်။ ပေါက်ကွဲပြီးနောက် ဆေးရုံကနေ ဆင်းလာတဲ့လမ်း စစ်တပ်နဲ့ ရဲတွေက လမ်းကြောတွေ ပိတ်ထားပါတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောဆိုသည်။

ထိုသို့ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်အတွင်း ရပ်ကွက် ၁၀ တွင် နေထိုင်သူ အမျိုးသားတစ်ဦးနှင့် ရပ်ကွက် ၉ မှ အိုက်ခမ်းဆိုသူ အမျိုးသားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းက ပြောပြသည်။

ယင်းနောက် လားရှိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် – ၉ အနီးတွင် နေထိုင်သူ CDM ပညာရေး ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် ရပ်ကွက် ၉ မှ အခြားဒေသခံများကိုလည်း ဖမ်းဆီးသွားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လားရှိုးမြို့တွင် လုံခြုံရေး တင်းကြပ်ထားပြီး လမ်းမများတွင် သွားလာနေသည့် ဒေသခံများကိုလည်း တားဆီးစစ်ဆေးမှုများ ယနေ့အချိန်ထိ ပြုလုပ်နေကြသည်ဟု မြို့ခံများက ဆိုသည်။

ထို့သို့ တားဆီးစစ်ဆေးမှုများ လုပ်နေချိန် တအာင်းလူငယ်တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံ တအာင်း လူငယ်အသိုင်းအဝိုင်းထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ မြို့မစျေးကြီးထဲရှိ ဇွဲထက်ရွှေဆိုင်မှာ စစ်ကောင်စီ အသိုင်းအဝိုင်းမှ အရာရှိတစ်ဦးက ပိုင်ဆိုင်သည်ဟု ဒေသခံတချို့က ပြောဆိုနေသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပါ။

လားရှိုးမြို့တွင် ယခုရွှေဆိုင် ဗုံးပေါက်ကွဲမှုအပြင် ဇွန်လအတွင်းကလည်း လားရှိုးမြို့ရှိ Fully Light Hotel တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် အသောက စက်သုံးဆီ ပန့်ဆိုင်တွင် ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here