သျှမ်းပြည် လားရှိုးခရိုင် မိုင်းယော်တိုက်နယ်အတွင်းသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အား ၃၀၀ ခန့် ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။
ယခုရက်သတ္တပတ်အတွင်းတွင် အင်အား ၃၀၀ နီးပါးရှိသည့် UWSA စစ်ကြောင်းတစ်ခုသည် သံလွင်မြစ် အရှေ့ဘက်မှ သံလွင်မြစ် အနောက်ဘက်ခြမ်း လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဝ”တပ်ဖွဲ့က သံလွင်မြစ် အရှေ့ပိုင်းကနေ တန့်ယန်းဘက် နောင်လျန်၊ နောင်ဖာဘက်ကို ကျော်ပြီးတော့ အခု ဒီ မိုင်းယော်ဘက်ကို ရောက်လာတယ်။ ”ဝ” တွေ နောင်လျန် နောင်ဖာဘက်မရောက်ခင် အဲ့ဘက်က MNDAA တပ်တချို့ကလည်း မိုင်းယော်ဘက်ကို ဆုတ်ခွာလာတာ တွေ့ရတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။
ယင်းကဲ့သို့ “ဝ” တပ်ဖွဲ့ ဝင်ရောက်လာမှုကြောင့် တန့်ယန်းမြို့နယ် နှင့် မိုင်းယော် တိုက်နယ် အတွင်း လှုပ်ရှားနေကြသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တပ်ဆုတ်ခွာရကြောင်းလည်း သတင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီကိစ္စကို ကျနော် မသိရသေးဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်က အမြင်သဘောထားက ဘယ်လိုရှိလဲဆိုတာကို အထက်ကို ကျနော် မေးကြည့်ရအုံးမယ်” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် မိုင်းယော်တိုက်နယ်အတွင်း လှုပ်ရှားနေသည့် MNDAA တပ်အမှတ် ၆၁၁ နှင့်၊ TNLA တပ်တချို့က ဆုတ်ခွာရသော်လည်း လက်ရှိတွင် အဆိုပါ ဒေသအတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့အချို့ ကျန်ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။
ယခင် ဗမာကွန်မြူနစ်ပါတီ (ဗကပ) ခေတ်ပြီးသည့်နောက် UWSA တပ်ဖွဲ့သည် သံလွင်မြစ် အရှေ့ဘက်ခြမ်းနှင့် မြန်မာ – ထိုင်းနယ်စပ် မိုင်းတုံ၊ မိုင်းဆတ် ဘက်တွင်သာ လှုပ်ရှားမှု ပြုလုပ်ကြောင်း သိရသည်။
ယင်းကဲ့သို့ UWSA “ဝ” တပ်ဖွဲ့မှ သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး နယ်မြေ ချဲ့ထွင်ခြင်း မဟုတ်နိုင်ကြောင်း နှင့် မဟာမိတ် တပ်ဖွဲ့ဝင် အချင်းချင်း သဘောတူညီချက် ရှိနိုင်ကြောင်း သျှမ်းပြည်နိုင်ငံရေး အကြောင်း လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း (သီပေါ) က ပြောဆို သုံးသပ်ထားသည်။
“ဒါကို နယ်မြေချဲ့ထွင်လာတယ်လို့ မထင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူတို့ ပြည်နယ်တောင်းတဲ့အထဲမှာ ဒီသံလွင်မြစ် အနောက်ဘက်ခြမ်းက မပါခဲ့ဘူးလေ၊ သူတို့ မဟာမိတ် တပ်ဖွဲ့ ဝင် အချင်းချင်း သဘော တူညီချက် တစ်ခု ရှိမယ်လို့ပဲ ထင်ပါတယ်” ဟု ဦးရဲထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။
UWSA ၏ စစ်အင်အား ဝင်ရောက်လာသည့် မိုင်းယော်တိုက်နယ် နှင့် ၃၂ မိုင်ခန့် ကွာဝေးသည့် လားရှိုးမြို့တွင် တပ်ဖွဲ့၏ ဆက်ဆံရေးရုံး တစ်ခုလည်း ရှိနေသည်။
UWSA တပ်ဖွဲ့ သည် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ ဝင်လည်း ဖြစ်သည်။
အဆိုပါ FPNCC (၇) ဖွဲ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ ပါဝင်သည်။
သျှမ်းသံတော်ဆင့် – ပေးပို့သည်။