5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလမ်းပိုင်းပိတ်ဆို့မှုများကြောင့် မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေး စစ်ကိုင်းတိုင်းမှ ပတ်သွားနေကြရ

လမ်းပိုင်းပိတ်ဆို့မှုများကြောင့် မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေး စစ်ကိုင်းတိုင်းမှ ပတ်သွားနေကြရ

မန္တလေးတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးလမ်းပိုင်းများမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြတ်တောက်ခဲ့ပြီးနောက် လက်ရှိတွင် စစ်ကိုင်းတိုင်းမှ ရှမ်းမြောက်အထိ လမ်းကြောင်းသစ်တစ်ခုဖြင့် သွားလာနေကြရသည်ဟု ယာဉ်မောင်းများနှင့် ခရီးသွားလာကြသူတို့ ပြောဆိုမှုအရ သိရသည်။

မန္တလေးမှ ရှမ်းပြည်မြောက်ပိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများကိုဖြတ်သန်းပြီး ရှမ်းမြောက်သို့ သွားနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုက ရှမ်းမြောက်ကို ဒီစစ်ကိုင်းကနေပတ်ပြီး မန္တလေး အဲ့လိုသွားတာ။ အဲ့တာ ဟိုဘက်(တောင်ကြီး) လမ်း ထက် ပိုမြန်တယ်။ သွားရလာရတာ နီးသွားတာပါ့” ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းမြောက်ကို ယခင်က မန္တလေး-မူဆယ် ဗျူဟာလမ်းပိုင်းကနေ တိုက်ရိုက်သွားလာနိုင်ပြီး တိုက်ပွဲများ ဖြစ်ပွား ပြီးနောက် မန္တလေး-တောင်ကြီး-ကျေးသီးလမ်းပိုင်းကို အသုံးပြုခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းမြောက်ကို စစ်ကိုင်းတိုင်းမှ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကနေတဆင့် သွားလာလို့ရနေပြီဖြစ်ပြီး ယခင်ထက် အချိန်များစွာ လျှော့ချနိုင်သည်ဟု ယာဉ်မောင်းများနှင့် ခရီးသွားလာသူတို့က ပြောသည်။

“ဒီလမ်းက တော်တော်မြန်မြန်တယ်။ အခု မူဆယ်ကလူတွေ မိုးကုတ်လမ်းပဲ သုံးနေကြတာ။ ADvan တို့ SURF ကားတို့နဲ့က ဒီလမ်းပဲ သွားတာ။ မြစ်တော့ကူးရတာ ဇာတ်စောင့်ရတာပဲ ကြာတာ။ အဲ့ဒါကူးပြီးရင်တော့ လမ်းက အပွင့်ကြီးပဲ။ လမ်းမှာ PDF ကလေးတွေကို အလှူငွေတွေတော့ ပေးရတယ်။ လေးငါးဆယ်ဖွဲ့ ဒီဘက်က မြစ်မကူး ခင်ပေါ့၊ ဟိုဘက်မှာက စစ်တာဆေးတာ နည်းနည်းတော့ရှိတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ရှမ်းမြောက်အတွက် လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ယူရေးလမ်းကြောင်း ပွင့်သွားခြင်းကြောင့် စစ်ကိုင်းတိုင်း အတွင်းက တော်လှန်ရေးအင်အားစုများသည်လည်း လမ်းပိုင်းအကောက်ခွန်များ ရရှိနေကြောင်းလည်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။