ကရင်ပြည်နယ် သံတောင်မြို့အထူးဒေသရှိ ကျွန်းတောကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၂ ဦးနှင့် ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန – KECD မူလတန်းကျောင်းသားငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသားဖခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာအတွင်းကို ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် KECD ကျောင်းတက်နေသည့် ကျောင်းသားငယ်၏ ဘယ်ဘက်မျက်လုံး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး သက်ကြီးပိုင်းအရွယ်ဒေသခံ ၂ ဦးလည်း မစိုးရိမ်ရဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါကျောင်းသား၏ဖခင်ဖြစ်သူမှာ လက်နက်ကြီးကြောင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား နေ့တွင်းချင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ရသည်ဟု ၎င်းတို့နှင့်နီးစပ်သူက ပြောသည်။
“ဘာတိုက်ပွဲမှမရှိဘဲ အလွတ်ကြီး လက်နက်ကြီးပစ်ကြတာ။ သူ့အဖေက ပွဲချင်းပြီးပဲဆုံးသွားပြီ။ မနေ့ကတည်းက မြေချတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး အနေအေးတာ၊ သူ့ဆိုအဲ့ဘက်ရွာကလူတွေ အကုန်သိတယ်၊ သူ့သားလည်း တစ်ယောက်ပဲရှိတယ်။ ကလေးအခြေအနေကတော့ သက်သာပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ပစ်ခတ်မှု ဖြစ်ပြီးနောက် နေ့လယ် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က ကျွန်းတောကုန်းရွာအတွင်းသို့ ထပ်မံ၍ လက်နက်ကြီးနှင့် ပစ်ခဲ့ရာတွင် လူထိခိုက်မှု မရှိခဲ့သော်လည်း ရွာအတွင်းရှိ KECD ကျောင်းကို ယာယီ ပိတ်ထားလိုက်ရသည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။
အဆိုပါအမျိုးသမီးက “လက်နက်ကြီး ၄ လုံး ထပ်ပစ်တာ အပင်တွေတော့ လဲသွားတယ်။ အဲဒီနေ့မတိုင်ခင် ကလည်း ရွာထဲကို ညဘက် စစ်တပ်က အရပ်ဝတ်နဲ့ဝင်လာပြီး အစအန ရှာကြတယ်။ အဲ့ဘက်မှာက ကိုယ်ထူကိုယ်ထနဲ့ အခုနှစ် အသစ်ဖွင့်တဲ့ကျောင်းတွေပဲ ရှိတာ။ အခုတော့ မိဘတွေလည်း စိုးရိမ်လို့ ကျောင်းပိတ် ထားရပြီ” ဟု ဆိုသည်။
သံတောင်ကြီးဒေသတွင် စစ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲနှင့် တိုက်ပွဲများ မရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပွားနေပြီး ကျောင်းပညာသင်ကြားပေးမည့် ဆရာ၊ဆရာမ အများစုသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ကြ၍ စစ်အစိုးရ စာသင်ကျောင်း အများစု ပိတ်ထားရသည့် အနေအထား ဖြစ်သည်။
KECD ကျောင်းများနှင့် စစ်ရှောင်လူပုဂ္ဂိုလ်၊ အဖွဲ့များ တနိုင်တပိုင် မတည်မူဖြင့် ကိုယ်ထူကိုယ်ထကျောင်းများအား ကျောင်းနေအရွယ် ကလေးတိုင်းပညာရေးအတွက် ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ်သင်ကြားပေးနေသော်လည်း မလုံခြုံမှုကြားမှ ကျောင်းသားငယ်များ ပညာသင်ယူနေရကြောင်း သံတောင်ကြီးဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းက တောင်ငူခရိုင် ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆက်လက်ဖွင့်ရေး အခက်အခဲများ တွေ့ကြုံခဲ့ရကြောင်း သိရသည်။
KIC ပေးပို့သည်။