စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သာစည်ရွာတွင် စစ်ကောင်စီတပ်နှင့် ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ပြီး ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သာစည်ရွာဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာတွင် ဘုန်းကြီးကျောင်းပေါ်တွင် စာသင်နေကြသည့် ကလေးများထဲမှ အသက် ၄ နှစ် အရွယ် ယောင်္ကျားလေး ၁ ဦး သေဆုံးပြီး၊ ကလေးငယ် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“သာစည်ရွာ ဘုန်းကြီးကျောင်းပေါ်မှာ စာသင်နေကြတဲ့ ကလေးတွေရှိတယ်။ လက်နက်ကြီးကျည်ကျလို့ ကလေးတစ်ယောက် သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲကဆက်ဖြစ်နေတော့ သာစည်ရွာဘေးက ရွာသားတွေလည်း ဘေးလွတ်ရာတောထဲကို ထွက်ပြေးနေကြရတယ်။ သာစည်ရွာထဲက အိမ်နှစ်လုံးလည်း မီးရှို့ ခံလိုက်ရတယ်” ဟု ဒေသခံများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
သေဆုံးခဲ့သည့်ကလေးသည် ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရသည့် ကလေး ၂ ဦးသည်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် စိုးရိမ်ရကြောင်း အဆိုပါပုဂ္ဂိုလ်က ဆိုသည်။
နှစ်ဘက်တိုက်ပွဲကြောင့် သာစည်ရွာအပါအဝင် ချင်းဆိုင်၊ ဇင်းကလင်း စသည့် ရွာပေါင်း ၃ ရွာမှ ဒေသခံရွာသားများလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း ၎င်းက ဆက်ပြောသည်။
သာစည်ရွာသည် ကလေးမြို့၏ တောင်ဘက် ၃ မိုင်ခန့် ဝေးသည့် ကလေး−ဂန့်ဂေါ ကားလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၁ ထောင် ကျော်၊ လူဦးရေ ၅ ထောင် နီးပါး နေထိုင်ကြသည့်ရွာ ဖြစ်ကြောင်း သိရသည်။
ချင်းဆိုင်၊ ဇင်းကလင်း ရွာတို့နှင့် ရွာချင်းဆက်နေသည့် ရွာဖြစ်ပြီး တိုက်ပွဲကြောင့် ၃ ရွာပေါင်းက စစ်ဘေးရှောင်နေသူဦးရေ စုစုပေါင်း ၃ ထောင် ကျော် ရှိကြောင်း ကူညီပေးနေသူများက ပြောသည်။
သာစည်ရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများသည် စစ်ကောင်စီတပ် မကြာမကြာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်းခံရသည့် ကျေးရွာများဖြစ်ပြီး တိုက်ပွဲငြိမ်သွားချိန်၌ ဒေသခံရွာသားများသည် ရွာထဲရှိ ကိုယ့်အိမ်ကိုယ်ပြန်နေကြကြောင်း ရွာသားများက ပြောသည်။
နိရဉ္စရာ ပေးပို့သည်။