မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာသား နှစ်ဦးကို လက်နက်ကိုင်ဆောင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် ဆက်သွယ်မှုတို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှ ဝက်သားသတ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၉ နှစ်အရွယ် ရဲနိုင်ဦးနှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် ၄၁ နှစ်အရွယ် သိန်းခင်တို့ နှစ်ဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ PDF နှင့် ဆက်သွယ်ခဲ့မှုဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများထံက သိရသည်။
နှစ်ကရင်ဒေသခံတစ်ဦးက “ ရဲနိုင်ဦးတို့က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းခံထားရတဲ့ အောင်မျိုးဇော်အိမ်မှာ ညဘက် သောက်စားနေကြတာကို စစ်တပ်က ဝင်ဖမ်းပြီး စစ်ဆေးလို့ သေနတ်ကိစ္စနဲ့ pdf လာနေတဲ့ ကိစ္စတွေက ပေါ်တာ” ဟု ပြောသည်။
အသက် ၄၁ နှစ်အရွယ် အောင်မျိုးဇော်အား မူးယစ်ဆေးဝါးမှုဖြင့် စစ်ကောင်စီတပ်က ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၇ တောင့်လည်း သိမ်းဆည်းရမိခဲ့သည်ဟု လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ယင်းအပြင် အောင်မျိုးဇော်အား နှစ်ကရင်ကျေးရွာအနီးတဝိုက် လှုပ်ရှားနေသည့် PDF အဖွဲ့တို့နှင့်လည်း ဆက်သွယ်မှု ရှိခဲ့သည်ဆိုပြီး အကြမ်းဖက် ဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
“အောင်မျိုးဇော်ကို မူးယစ်ဆေးဝါးအမှုအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က နှစ်ကရင်ကျေးရွာ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် PDF နှင့် အဆက်အသွယ်ရှိသည် ဆိုပြီး ရွာသား ၂၀ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ယင်းနောက် ကလေး နှစ်ဦးနှင့် အမျိုးသမီး သုံးဦး တို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသား ၁၅ ဦးကို ဆက်လက်ဖမ်းဆီးထားကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
၎င်းပြင် PDF များနှင့် လက်ခံတွေ့ဆုံခဲ့သည်ဆိုပြီး နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်ကောင်စီက ရာထူးမှ ဖြုတ်ချခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
နှစ်ကရင်ကျေးရွာ ရဲစခန်းကို KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့်ပါ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရာနှင့်ချီသည့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်လာကြရန်နှင့် ပြန်မလာပါက အိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဆိုပြီး ခြိမ်းခြောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။