23 ဧပြီ 2025 /

See today's Peace Related News

သတင်းရှားတောဒေသက ရေဘေးနှင့်စစ်ဘေးကြောင့် နေအိမ်ပျက်စီးသွားသူများ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်လုပ်ခွင့်တောင်းဆို

ရှားတောဒေသက ရေဘေးနှင့်စစ်ဘေးကြောင့် နေအိမ်ပျက်စီးသွားသူများ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်လုပ်ခွင့်တောင်းဆို

ကရင်နီ (ကယား) ပြည် ရှားတော (ဆိုမိုဖေစိုးလေး) မြို့နယ်အတွင်းက ရေးဘေးကြောင့် နေအိမ်မျောပါသူများနှင့် စစ်ဘေးကြောင့် နေအိမ်မီးလောင်ပြာကျသူများက နေအိမ်များပြန်လည်တည်ဆောက်နိုင်ရန် သစ်ထုတ်လုပ်ခွင့် တောင်းဆိုလိုလားနေကြောင်း ရှားတောဒေသခံတို့က ပြောသည်။

နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် ငွေကြေးထောက်ပံ့မှုလည်းလိုအပ်နေပြီး မရရှိပါက သစ်ထုတ်လုပ်ခွင့်ပေးစေလိုသည်ဟု ရေဘေးကြောင့် နေအိမ်ပျက်စီးသွားသည့် ရှားတော၊ ပွန်ချောင်းကျေးရွာခံ အမျိုးသားတစ်ဦးက ယခုလိုပြောဆိုသည်။

“ငွေရေးကြေးရေးမှ မထောက်ပံ့ပေးနိုင်ဘူးဆိုရင်ပေါ့၊ သစ်တွေဘာတွေ ခွဲခွင့်လုပ်ခွင့်တော့ ပေးကိုပေးရမယ်။ မပေးရင်တော့ ဒီဟာတွေကို ဘယ်လိုမှပြန်မလုပ်နိုင်ဘူးလေ။ သစ်မရှိဘဲ ဆောက်မယ်ဆိုလည်း အဆင်မပြေဘူး။ ဘယ်လိုမှ မဆောက်နိုင်ဘူး။ နောက်ပြီးတော့ သစ်ခုတ်ခွင့်မပေးနိုင်ဘူး။ ခွဲခွင့်မပေးနိုင်ဘူးဆိုရင်တော့ တခြား ရပ်ရွာကနေ ဝယ်ရမယ်ဆိုရင်တော့ ငွေရေးကြေးရေးတော့ ထောက်ပံ့ဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ရှားတောဒေသခံများသည် ၂၀၂၄ ခုနှစ်အတွင်း ရေဘေးနှင့် စစ်ဘေးကြောင့် နေအိမ်များအပါအဝင် စားဝတ်နေရေးနှင့် ဝင်ငွေရလမ်းအတွက် စိုက်ပျိုးထားသည့် သီးနှံများကိုလည်း ဆုံးရှုံးခဲ့ကြရသည်။

ထိုအခြေအနေကြောင့် ပျက်စီးသွားသောနေအိမ်များ ပြန်လည်ထူထောင်တည်ဆောက်နိုင်ဖို့ ငွေကြေးအခက်အခဲရှိနေကြတာကြောင့် သစ်ထုတ်လုပ်ခွင့်ပေးပါက ကိုယ်ထူကိုယ်ထစနစ်နှင့် ပြန်လည်ထူထောင်နိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

“အိမ်နေရာက မကောင်းတော့ဘူး။ အကုန်ပျက်ကုန်ပြီ။ အိမ်နေရာမှန်း မသိတော့ဘူးအဲ့လိုပေါ့။ အမှိုက်ပုံလို ဖြစ်သွားပြီလေ။ သန့်ရှင်းရေး ပြန်လုပ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ” ဟု ရေဘေးကြောင့် နေအိမ်တခုလုံး ပျက်စီးသွားသည့် ပွန်ချောင်းကျေးရွာခံ နောက်တစ်ဦးက ပြောပြသည်။

ရှားတော (ဆိုမိုဖေစိုးလေး) မြို့နယ်အတွင်း ရေဘေးကြောင့် လူနေအိမ် ၂၀၀ နီးပါး ပျက်စီးသွားခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းနှင့် လက်နက်ကြီးကြောင့် မီးလောင်ပြာကျသွားသည့် လူနေအိမ်နှင့် ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ၅၁ လုံးအထိ ရှိနေသည်ဟု ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ် မြို့နယ်အုပ်ချုပ်ရေးကောင်စီ၏ စာရင်းအရ သိရသည်။

“အိမ်ဆောက်တဲ့ လိုအပ်ချက်တွေပေါ့။ အိမ်ဆောက်ဖို့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့လိုတယ်” ဟု ဆိုမိုဖေစိုးလေး (ရှားတော) မြို့ပေါ်ရပ်ကွက်တခုရှိ နေအိမ်မီးလောင်ပြာကျသွားသည့် အမျိုးသားတစ်ဦးကလည်း ပြောသည်။

လက်ရှိ၌ ဆိုမိုဖေစိုးလေးမြို့နယ်အတွင်း စီးပွားဖြစ်သစ်ထုတ်လုပ်မှုတွေကို ခွင့်မပြုထားဘဲ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ပါက စာရင်းတင်ပြပြီး ခွင့်ပြုပေးမှုရှိသည်ဟု ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးမော်မဲမိုက ပြောဆိုသည်။

“အိမ်တွေဆောက်ဖို့ဆိုရင်တော့ အမှန်တကယ်ဆောက်တဲ့ စာရင်းနဲ့တက်ပြီး ခွင့်ပြုထားတာတွေရှိပါတယ်” ဟု မော်မဲမိုက ပြောသည်။

၂၀၁၉ ခုနှစ်က ပြည်ထောင်စုအစိုးရက တရားဝင်သစ်ထုတ်ခွင့်ပေးထားသော ကရင်နီပြည်တွင်းက လက်ကျန်သစ် တန် ၅၅၀ ကို ၂၀၂၄ နှစ်ထဲ ထုတ်ယူရန် ဒေသခံသစ်ကုမ္ပဏီတို့ကို ကရင်နီပြည်အစိုးရက ထုတ်ယူခွင့်ပေးထားခဲ့သေးသည်။

ဖရူဆိုမြို့နယ်တွင် တန် ၂၀၀၊ ရှားတောမြို့နယ်တွင် တန် ၅၀၊ သံလွင်အရှေ့ခြမ်းတွင် တန် ၃၀၀ ထုတ်ခွင့်ပေးထားပြီး အဆိုပါသစ်တွေထဲတွင် ကျွန်း၊ ပိတောက် အများဆုံးပါဝင်ပြီး သစ်မာလည်း အနည်းငယ်ပါဝင်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။